ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၁)+(၂)

ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၁)
ဆလိုင်းအိုက်ဇက်ခင်| ၄၊ ဇန်န၀ါရီလ ၂၀၁၉
ယနေ့သည် (၇၁) နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ဖြစ်ပါသည်။ ထို့အတူ လွတ်လပ်သည့် ဌာနေသား မျိုးနွယ်စုများအဖြစ် ရှေးဦးမဆွကပင် အခြေချနေထိုင်ပိုင်ဆိုင်လာခဲ့ကြသည့်နယ်မြေ ဒေသများကို စုစည်းကာ ချင်းပြည်နယ်ဟု ယနေ့သိရှိသည့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည် (Proper Burma) ခေါင်းဆောင်များနှင့် ချုပ်ဆိုခဲ့သည့် ပင်လုံကတိက၀တ်များအပေါ်အခြေခံကာ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်ကြ မည်ဟု သဘောတူ၍ လက်တွဲပူးပေါင်းလာခဲ့သည် မှာလည်း နှစ် (၇၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ ရှမ်းပြည်၊ ပင်လုံမြို့၌ပြုလုပ်သည့် ညီလာခံသို့တက်ရောက် ပြီး၊ ပင်လုံ စာချုပ်ဟု ယနေ့သိရှိကြသည့် ပြည်မ-တောင်တန်းပူးပေါင်း ဆောင်ရွက် ရေးစာချုပ်ကို ချင်း ခေါင်းဆောင်များက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြခြင်းမှာ လွတ်လပ်သည့်ပြည်ထောင်တစ်ခုအနေနဲ့ အခြားလွတ်လပ်သည့်ပြည်ထောင်များနှင့် ရေရှည်အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ချုပ်ဆိုသည့် ပထမဦးဆုံးနှင့် နောက်ဆုံးစာချုပ်ပင်ဖြစ်ပါသည်။ သို့ရာတွင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ကြသည့် ချင်းခေါင်းဆောင်များသည် ယနေ့ချင်းပြည်နယ်ဟု သတ်မှတ်ထားသည့်နယ်မြေတစ် ခုလုံးကို ယူဆောင်၍ လက်မှတ်ရေးထိုးခဲ့ကြခြင်း မဟုတ်ပါ။
ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးပါဝင်ခဲ့သူများမှာ တီးတိန်နယ်၊ ဟားခါးနယ်နှင့် ဖလမ်းနယ်တို့သာ ဖြစ်ပါ သည်။ ကန်ပက်လက်-မင်းတပ်နယ်သည် ၁၉၄၇ ခုနှစ် မတ်လ (၃-၅) ရက်များအတွင်း ထီးလင်းမြို့တွင် ချင်း-ဗမာချစ်ကြည်ရေးညီလာခံကျင်းပ၍ လွတ်လပ်ရေးအတွက် ဖဆပလနှင့်ပူးပေါင်း ဆောင်ရွက်မည်ဟု သဘောထားပေးခဲ့သည်။ ပလက်ဝနယ်သည် ချင်းဝိသေသတိုင်းနှင့်ပူးပေါင်းရပ် တည်ရန် ၁၉၄၇ ခုနှစ်တွင် တောင်တန်းဒေသ စုံစမ်းရေးကော်မရှင်နှင့်တွေ့ဆုံစဉ်သဘောထား ဆန္ဒပြုခဲ့ပြီး ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ဖလမ်း မြို့တွင် ကျင်းပပြုလုပ်သည့်ညီလာ ခံသို့ ပထမဆုံးအကြိမ် အင်တိုက်အားတိုက် တက်ရောက်ပါဝင်ခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ် တစ်ခုလုံးအနေဖြင့် ပင်လုံစာချုပ်၏အနှစ်သာရဖြစ်သော ပြည်မ-တောင်တန်းပူးပေါင်းရေး သဘော ထားအရ ပြည်နယ်တစ်ခု (ထိုစဉ်က အသုံးအနှုန်းအရ ချင်းဝိသေသတိုင်း) အဖြစ် စုစည်းရပ်တည်နိုင် ရန် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့မှစ၍ စတင်ဆောင်ရွက် နိုင်ခဲ့သည်ဟု ဆိုရပါမည်။
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ်လွတ်လပ်ရေးရရှိအောင် ဗမာပြည်နှင့် ကချင်၊ ချင်း၊ ရှမ်း တောင်တန်း ဒေသများ ပုးပေါင်းဆောင်ရွက်ခဲ့ကြသကဲ့သို့ ယနေ့ချင်းပြည်နယ်အဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ဖြစ် ထွန်းတည်ရှိလာနိုင်ရန်အတွက် အနည်းဆုံးအုပ်ချုပ်မှုဆိုင်ရာဒေသ (၃) ခု ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ကိုတွေ့ရပါသည်။ ထိုထက်ပို၍ စိတ်ဝင်စားဖွယ်ကောင်း သည့်အချက်မှာ ယင်းဒေသ (၃) ခုအတွင်း ကနဦးနေထိုင် ခဲ့ကြသော၊ ယနေ့ထက်တိုင်နေထိုင်လျှက် ရှိကြသောမျိုးနွယ်စုများသည် ဘာသာစကားရင်းမြစ်နှင့် ယဉ်ကျေးမှုဓလေ့ထုံးစံတူ မျိုးနွယ်စုများ ဖြစ်ကြသော်လည်း အုပ်ချုပ်မှု မတူသော လွတ်လပ်သည့်မျိုးနွယ်စုနယ်ပယ်များအဖြစ် တည်ရှိခဲ့ခြင်း ဖြစ်ပါသည်။ ချင်းပြည်နယ်သည် အုပ်ချုပ်မှုပုံအားဖြင့် တစ်ပြည်ထောင် (unitary) စနစ်မျိုး အဖြစ်တည် ရှိပြီးသားအနေအထားဖြင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်းမဟုတ်ဘဲ သီးခြား လွတ်လပ်သည့်နယ်မြေများက လွတ်လပ်သည့်ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်မှုဖြင့် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခဲ့ ကြခြင်းသာဖြစ်ကြောင်း သတိပြုနိုင်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသော (၇၁) နှစ်မြောက်နေ့တွင် နိုင်ငံတော်အား ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ရှေ့တိုးချီတက်ရန် နိုင်ငံတော်အကြီးအကဲများက ဦးတည်ချက်ထားသံန္နိဌာန်ပြုကြ သကဲ့သို့၊ ချင်းပြည်နယ် သည်လည်း ဖယ်ဒရယ်နယ်မြေများအစုအစည်းတစ်ခုဖြစ်ခဲ့ခြင်း၊ ဖြစ်နေဆဲရှိ ခြင်းကို မမေ့မလျော့ဘဲ အချင်းချင်း သာတူညီမျှဖြစ်ခြင်းနှင့် တန်းတူအခွင့်အရေးဖန်တီးပေးခြင်းအနှစ် သာရများဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးလမ်းကြောင်းကို ဆက် လက်ဦးတည်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ဆလိုင်းအိုက်ဇက်ခင်
ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၂)
ဆလိုင်းအိုက်ဇက်ခင်| ၄၊ ဇန်န၀ါရီလ ၂၀၁၉|
အင်္ဂလိပ်အုပ်ချုပ်မှုလက်အောက်တွင် လက်ရှိချင်းပြည်နယ်သည် အုပ်ချုပ်မှု နယ်မြေဒေသ (၃) ခုအဖြစ် ရပ်တည်ခဲ့ပါသည်။ ချင်းတောင်တွင် အင်္ဂလိပ်တို့၏ ပထမဦးဆုံးအုပ်ချုပ်မှုယန္တရားစတင် သည့်ဒေသမှာ ပလက်ဝဒေသဖြစ်သည်။
ပလက်ဝဒေသသည် ၁၈၂၆ ခုနှစ် မတိုင်မီအထိ လွတ်လပ်သောဒေသအဖြစ် တည်ရှိခဲ့သည်။ ၁၈၂၅ ခုနှစ်တွင် အင်္ဂလိပ်တို့ ပလက်ဝဒေသကို ကျူးကျော် လာသောအခါ ပလက်ဝဒေသတွင် နေထိုင်ကြ သည့် ခူမီးမျိုးနွယ်စု အကြီးအကဲများသည် အင်္ဂလိပ်တို့အား အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် လက်နက်အင်အား မမျှ သဖြင့် နောက်ဆုံးတွင် အင်္ဂလိပ်နှင့်စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ချင်းတောင်တစ်ခွင်၌ အင်္ဂလိပ်တို့နှင့် စစ်ပြေငြိမ်းရေးစာချုပ်ကို ခူမီးမျိုးနွယ်စု အကြီးအကဲများက ပထမဆုံးချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းစာချုပ်အရ အင်္ဂလိပ်တို့က ပလက်ဝဒေသရှိ ခူမီးမျိုးနွယ်စုအကြီးအကဲများ ၏ အုပ်ချုပ်မှုကို ဆက်လက်အသိအမှတ်ပြုပေးခဲ့ သော်လည်း၊ လက်ရှိ ပွီဝုန်းအောက်ပိုင်း မှ ကျောက်တော်မြို့နယ်၊တင်းမကျေးရွာအထိနယ်မြေကို အင်္ဂလိပ်တို့အား စစ်လျော်ကြေးအဖြစ် ပေးအပ်ခဲ့ရသည်။ [ပွီဝုန်းသည် လက်ရှိချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်နယ်စပ် ဖြစ်ပါသည်]။
အင်္ဂလိပ်တို့က ၎င်းတို့၏အစောင့်ရှောက်ခံဖြစ်လာသောပလက်ဝနယ်ကို အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၂၆ ခုနှစ် တွင် စစ်တွေခရိုင်အတွင်း သွတ်သွင်း၍ အုပ်ချုပ်ခဲ့သော်လည်း၊ စစ်တွေခရိုင်ရှိ လူများစု၏ ဘာသာစကားနှင့် သမိုင်း အစဉ်အလာမတူညီမှုကြောင့် နှစ်ပေါင်း (၅၀) ခန့်အကြာ ၁၈၇၄ ခုနှစ်တွင် စစ်တွေခရိုင်အောက်မှခွဲထုတ်ကာ ရခိုင်မြောက်ပိုင်းခရိုင် (Northern Arakan District) အဖြစ်သီးခြား အုပ်ချုပ်ခဲ့သည်။ [ပလက်ဝဒေသသည် ရခိုင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်ပြီး ရှေးရခိုင်မင်းများ လက်ထက် ကူးလူးသွားလာမှုများရှိသော်လည်း ရှေးရခိုင်ပိုင်နက်လက်အောက်ခံအဖြစ် အခွန်ပဏ္ဏာ ဆက်သရသည့်အထောက်အထားမျိုး မရှိခဲ့ပါ။]
ချင်းတောင်မြောက်ပိုင်းသို့ အင်္ဂလိပ်တို့ကျူးကျော်ဝင်ရောက်လာသောအခါ စီးယင်းနှင့် တာရွှန်းမျိုးနွယ် စုအကြီး အကဲများက အင်္ဂလိပ်တို့အား အပြင်းအထန်ခုခံ တိုက်ခိုက်ခဲ့ကြသည်။ အင်္ဂလိပ်တို့က ချင်းပြည်မြောက်ပိုင်းဒေသကို ကျူးကျော် ၀င်ရောက်ပြီး ၁၈၉၆ ခုနှစ်တွင် တီးတိန်နယ်၊ ဖလမ်းနယ် နှင့်ဟားခါးနယ်တို့ပါဝင် သည့်ဒေသများကို ချင်းတောင်တန်းစည်းမျဉ်း (The Chin Hills Regulation, 1896) ဖြင့်လည်းကောင်း။ [ပလက်ဝ ဒေသကို အင်္ဂလိပ်အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းပြီး နှစ်ပေါင်း (၇၀) တိတိအကြာတွင်ဖြစ်သည်]။ ကန်ပက်လက်-မင်းတပ်နယ်ကိုမူ ၁၈၉၇ ခုနှစ်တွင် ပခုက္ကူ ချင်းတောင်တန်းဒေသ (Pakkoku Chin Hills Tract) အဖြစ်လည်းကောင်း အုပ်ချုပ်ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Special Division Act, 1948) ကိုပြဌာန်း သည်။ ယင်းအက်ဥပဒေအရ အင်္ဂလိပ်အုပ်ချုပ်မှု အောက်တွင် ရှိခဲ့သောနယ်မြေသုံးခုကို ချင်းဝိသေသတိုင်း အဖြစ် မြောက်ပိုင်းချင်းခရိုင်နှင့် တောင်ပိုင်းချင်းခရိုင်ဟူ၍ ခရိုင် (၂) ခုဖြင့် ဖွဲ့စည်း ခဲ့သည်။ မြောက်ပိုင်းချင်းခရိုင်တွင် တီးတိန်နယ်၊ ဖလမ်းနယ်နှင့် ဟားခါးနယ်တို့ ပါဝင်ပြီး၊ တောင်ပိုင်း ချင်းခရိုင်တွင် ကန်ပက်လက်-မင်းတပ်နယ် နှင့် ပလက်ဝနယ်တို့ အပြင် ယခင်က ဟားခါးတောင်ပိုင်း နယ်အဖြစ်ရှိခဲ့သော မတူပီနယ်ကိုပါ ထည့်သွင်းခဲ့သည်။
လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း (၇၀) ကြာမြင့်သည့်နောက် မြောက်ပိုင်းချင်း ခရိုင်အောက်ရှိ တီးတိန် နယ်သည် တီးတိန်မြို့နယ်နှင့်တွန်းဇန်မြို့နယ်များ အဖြစ်လည်းကောင်း၊ ဖလမ်းနယ်သည် ဖလမ်းမြို့ နယ် (ယခင်က ပြည်နယ် မြို့တော်အဆင့်မှ လက်ရှိတွင် ခရိုင်မြို့) အဖြစ်လည်းကောင်း၊ ဟားခါးနယ် သည် ဟားခါးမြို့နယ်နှင့် ထန်တလန် မြို့နယ်များအဖြစ် ဟားခါးခရိုင်အဆင့်ဖြင့်လည်းကောင်း၊ တောင်ပိုင်းချင်း ခရိုင်အောက်ရှိ ကန်ပက်လက်-မင်းတပ် နယ်သည် ကန်ပက်လက်မြို့နယ် (ယခင် ခရိုင်ရုံးစိုက်မြို့အဖြစ်မှ မြို့နယ်ရုံးစိုက်ရာမြို့) နှင့် မင်းတပ်မြို့နယ်များ အဖြစ် မင်းတပ်ခရိုင်အဆင့်ဖြင့် လည်းကောင်း၊ မတူပီနယ်သည် ခရိုင်မြို့အဖြစ်တိုးမျြင့်ခံထားရပြီး၊ ပလက်ဝနယ် သည် ခရိုင်အဆင့်မှ ချင်းပြည်နယ်တွင် နယ်နိမိတ်အကျယ်ဆုံးမြို့နယ်အဖြစ်လည်းကောင်း ဖြစ်တည်လျှက်ရှိနေ ပါသည်။ သမိုင်းသည် သင်ခန်းစာ ဖြစ်သကဲ့သို့ နောက်ထပ်အမှားများ ထပ်မဖြစ်စေရန် သတိပြုရမည်ဖြစ် ပါသည်။
အပိုင်း (၃)-(၄) ဆက်လက်ဖော်ပြမည်။