ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၃)+(၄)+(၅)

Salai Isaac Khen

ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၃)

ဆလိုင်းအိုက်ဇက်ခင်| ၅၊ ဇန်န၀ါရီလ ၂၀၁၉| ၁၈၂၆ တွင် အင်္ဂလိပ်တို့က ပလက်ဝဒေသကို ၎င်းတို့အသစ်ဖွဲ့စည်းသည့် ဗြိတိသျှအင်းဒီးယား (British India) လက်အောက်ခံ ရခိုင်တိုင်း (Arakan Division) အတွင်းရှိ စစ်တွေခရိုင် (Akyab District) ထဲတွင် သွတ်သွင်းလိုက်ခြင်းဖြင့် ပလက်ဝဒေသရှိ ခူမီးမျိုးနွယ်စုအကြီးအကဲများ၏ မျိုးနွယ်စုအခြေပြု လွတ်လပ်သော ပဒေသရာဇ် အကြိုအုပ်ချုပ်မှုစနစ်ကို ပျက်သုန်းစေခဲ့သည်။ နောက်ထပ် နှစ် (၅၀) (ထိုစဉ်က လူ့သက်တမ်းမျိုးဆက်တစ်ခု) နီးပါးအကြာ ၁၈၇၄ တွင် ရခိုင်တောင်တန်းခရိုင် ဥပဒေစည်း မျဉ်း (The Arakan Hill District Laws Regulation, 1874) နှင့် ရခိုင်တောင်တန်းများတရားစီရင်ရေး စည်းမျဉ်း (The Arakan Hills Civil Justice Regulation, 1874) တို့ကို ထုတ်ပြန်ကာ ရခိုင်မြောက် ပိုင်းခရိုင်/ ရခိုင်တောင်တန်းခရိုင် (Northern Arakan District/ Hills District of Arakan) ဟူ၍မှည့် ခေါ်ပြီး ခရိုင်အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းခဲ့သည်။ ဤသို့ဖြင့် ပလက်ဝဒေသသည် အင်္ဂလိပ်တို့၏ပိုင်နက် ဗြိတိသျှအင်းဒီယားလက်အောက်ခံ ရခိုင်တိုင်းအုပ်ချုပ်မှုအောက်သို့ (၁၂၂) နှစ် ရောက်ရှိခဲ့ ရပါသည်။

၁၉၄၇ ခုနှစ်တွင် တောင်တန်းဒေသစုံစမ်းရေးကော်မရှင်နှင့် ရခိုင်တောင်တန်းဒေသခေါင်းဆောင် များတွေ့ဆုံသောအခါ လွတ်လပ်ရေးရလျင် ရခိုင်တိုင်းနှင့် ဆက်လက် မပူးပေါင်းတော့ဘဲ အသစ်ဖြစ် ပေါ်လာမည့် ချင်းဝိသေသတိုင်းနှင့်သာ ပူးပေါင်းမည်ဖြစ်ကြောင်း သဘောထားပေးကြသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် (၁၉၆) ဖြင့် ပလက်ဝဒေသသည် ချင်းဝိသေသတိုင်းအတွင်း ရောက်ရှိလာခဲ့ သည်။ [ယင်းပုဒ်မဖြင့် ကန်ပက်လက်-မင်းတပ်နယ်သည်လည်း အသစ်ဖွဲ့စည်းသည့် ချင်းဝိသေသတိုင်း အတွင်း ပါဝင်လာခဲ့ခြင်းဖြစ်သည်]။ ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်းအက်ဥပဒေ (The Chin Special Division Act, 1948) နှင့် ချင်းဝိသေသတိုင်း (ဥပဒေများတိုးချဲ့ကျင့်သုံးခြင်း) အက်ဥပဒေ (The Chin Special Division (Extension of Laws) Act, 1948) တို့တွင် ပလက်ဝဒေသကို Paletwa Subdivision အဖြစ်သုံးနှုံး ထားကြောင်း တွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခြင်းဖြင့် ချင်းဝိသေသတိုင်းဖြစ် ပေါ်လာသကဲ့သို့ ပလက်ဝဒေသသည်လည်း အခြားသောချင်းဒေသများနှင့်အတူ တစ်စုတစည်းတည်း ရပ်တည်ခွင့်ရရှိလာခြင်းဖြစ်သည်။

Paletwa, Chin State

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ (၁၉၇၄ နှင့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ လည်းဖြစ်စေ) ပလက်ဝဒေသသည် ချင်းပြည်နယ်အတွင်းတည်ရှိသော်လည်း လွတ်လပ်ရေးရရှိပြီးနှစ် ပေါင်း (၄၀) ကျော် ကာလအတွင်း ပလက်ဝဒေသနှင့် ချင်းပြည်နယ် အတွင်းရှိအခြားသောဒေသ များနှင့် လွယ်ကူချောမွေ့စွာကူးလူး ဆက်ဆံနိုင်မှုမရှိခဲ့ခြင်းတို့ကြောင့် ပလက်ဝမြို့နယ်ရှိ ဌာနအတော် များများကို ရခိုင်ပြည်နယ်မှ ၀င်ရောက်စီမံခန့်ခွဲပေးခဲ့ရခြင်းမှာ လွန်ခဲ့သောအစိုးရသက်တမ်း အထိပင် ဖြစ်သည်။ ခေတ်အဆက်ဆက် ပလက်ဝ ဒေသ၏စီမံခန့်ခွဲမှုနှင့်ပါတ်သက်၍ ချင်းပြည်နယ်မှ အပြည့် အ၀တာဝန်ယူ၊ တာဝန်ခံနိုင်မှု မရှိခဲ့ခြင်းက ဒေသတွင်း မလိုလားအပ်သောစိတ်ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

အင်္ဂလိပ်လက်အောက်ခံအဖြစ် တည်ရှိခဲ့သည့် နှစ်ပေါင်း (၁၂၀) ကျော်အတွင်း ပလက်ဝဒေသသည် မည်သည့် ဖွံ့ဖြိုးတိုးတက်မှုမျှ မရှိခဲ့ပါ။ ခရိုင်အုပ်ချုပ်ရေးရုံးစိုက်ရာမြို့အဖြစ် ပလက်ဝမြို့ကို သတ်မှတ်ခဲ့ သည့်တိုင် ခရိုင် အရေးပိုင်သည် စစ်တွေမြို့တွင်သာ ရုံးထိုင်အုပ်ချုပ်ခဲ့ပြီး၊ ၎င်းတို့အုပ်ချုပ်ခဲ့သည့် ကာလတစ်လျှောက် ပလက်ဝမြို့အတွက် ရေရှည်ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ခြင်းများ မရှိခဲ့ပါ။ မည်သည့် မြို့ပြစီမံကိန်းမျိုးမျှလည်း မဆောင်ရွက်ခဲ့ပါ။ ၁၉၄၈ မတိုင်မီအထိ ပလက်ဝဒေသလူဦးရေ၏ ၈၀% သည် အစဉ်အဆက်ချင်းလူမျိုးများဖြစ်လင့်ကစား ယင်းတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးပညာ များကို လေ့ကျင့်ပျိုးထောင်ပေးခြင်း မရှိခဲ့ပါ။ ရခိုင်တောင်တန်းဒေသအဖြစ် အင်္ဂလိပ်လက်အောက်တွင် အုပ်ချုပ်ခံ ခဲ့ရသည့် နှစ်ပေါင်း (၁၂၀) ကျော်သည် ပလက်ဝဒေသ ခံများအတွက် အလွန်ပင် နစ်နာခဲ့ရသောရာစုတစ်ခုပင် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဆလိုင်းအိုက်ဇက်ခင်

 

 ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၄)

၅၊ ဇန်န၀ါရီလ ၂၀၁၉ | ကန်ပက်လက်-မင်းတပ်နယ်နှင့် မြောက်ပိုင်းချင်းတောင်နယ်များသည် အင်္ဂလိပ်တို့က ၁၈၈၅ ခုနှစ်တွင် မန္တလေး ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှသာ အင်္ဂလိပ်လက် အောက်သို့ရောက်ရှိခြင်းဖြစ်သည်။ ထိုအချိန်တွင် ပလက်ဝ ဒေသသည် အင်္ဂလိပ်ကိုလိုနီအဖြစ် နှစ်ပေါင်း (၆၀) နီးပါးရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကန်ပက်လက်-မင်းတပ် နယ်နှင့် မြောက်ပိုင်း ချင်းတောင်နယ်များသည် ပလက်ဝဒေသ ထက် ပို၍ကံကောင်းသည်ဟု ဆိုရပါမည်။

ကန်ပက်လက်-မင်းတပ်နယ်ကို အင်္ဂလိပ်တို့က ၁၈၉၇ ခုနှစ်တွင် ပခုက္ကူ ချင်းတောင်တန်းဒေသ (Pakokku Chin Hills Tract) အဖြစ် ဖွဲ့စည်းပြီး၊ ပခုက္ကူခရိုင်အောက်တွင် သွတ်သွင်းဖွဲ့စည်းခဲ့သည်။ ပခုက္ကူတောင်တန်းဒေသ အုပ်ချုပ်မှုကို ချင်းတောင်တန်းဒေသ (Chin Hills Tract) အောက်တွင် မထားရှိဘဲ၊ မင်းဘူးတိုင်းမင်းကြီး၏ အုပ်ချုပ်မှုအောက်တွင် ထည့်သွင်းထားခဲ့သည်။ ၁၉၀၂ တွင် အရေးပိုင်ရုံးကို ကန်ပက်လက်မြို့တွင် ထားရှိသည်။ အင်္ဂလိပ်လက်အောက်တွင် နှစ်ပေါင်း (၅၀) ကျရောက်ခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် မတ်လတွင် ချင်း-ဗမာ ချစ်ကြည် ရေးညီလာခံကို ထီးလင်းမြို့တွင် ကျင်းပပြုလုပ်ပြီး၊ လွတ်လပ်ရေးကို ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ဗမာပြည်နှင့်အတူရယူမည် ဟု သဘောတူညီခဲ့သည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၉၆) အရ ချင်းဝိသေသတိုင်း၏ အစိတ်အပိုင်းအဖြစ် ပါဝင်လာခဲ့သည်။

၁၈၉၆ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့တွင် ချင်းတောင်တန်းများစည်းမျဉ်း (The Chin Hills Regulation, 1896) ကို ထုတ်ပြန်ပြီး လူရှေတောင်တန်းဒေသများကို အင်္ဂလိပ်တို့၏ အုပ်ချူပ်စီမံမှု ထဲသို့ သွတ်သွင်းသည်။ ၁၉၁၁ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ဤစည်းမျဉ်းကို ကချာ တောင်တန်းမြောက်ပိုင်း၊ ကာရိုတောင်တန်း၊ ခါဆီနှင့် (ရှီလောင်းမြို့ စည်ပင်နယ်နိမိတ်မပါသော) ဂျိန်းတိယတောင်တန်း၊ နာဂတောင်တန်းနှင့် မီကီရ်တောင်တန်းများ သို့ပါ အာဏာသက်ရောက်စေ သည်။ ဤသို့ဖြင့် ချင်းတောင်တန်းများစည်းမျဉ်းသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် အထက်မြန် မာပြည်အနောက်ဘက်ခြမ်းနယ်မြေများရှိ ချင်းလူမျိုးများ ပျံ့နှံ့နေထိုင်ရာဒေသအသီးသီးသို့ အာဏာ သက်ရောက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ယင်းနယ်မြေများမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြည်နယ်များဖြစ်သော မီဇိုရမ်၊ နာဂလန်း၊ အာသံ၊ မက်ဂါလယာနှင့် ထရီပူရတို့တွင်ပါဝင်ခဲ့ပါသည်။

ပင်လုံစာချုပ်တွင် ချင်းတောင်တန်းများစည်းမျဉ်းဖြင့်အုပ်ချုပ်သည့်ဒေသများအားလုံး ပါဝင်ခြင်း မရှိပါ။ တီးတိန် နယ်၊ ဖလမ်းနယ်နှင့် ဟားခါးနယ်တို့သာ ပါဝင်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါ ချင်းတောင်တန်းများ စည်းမျဉ်းဖြင့် အုပ်ချုပ်ခဲ့သည့် နယ်မြေဒေသအများစုသည် မြန်မာနိုင်ငံအတွင်းတွင် ဖွဲ့တည်သော ချင်းဝိသေသတိုင်းအတွင်း ပါဝင်လာခဲ့ခြင်း မရှိတော့ဘဲ၊ အကြောင်းကြောင်းကြောင့် အိန္ဒိယနိုင်ငံ ထဲတွင် ကျန်ရှိသွားခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ရခြင်းအတွက် မည်သူက ကံကောင်း၍ မည်သူက ကံဆိုး ကြောင်းပြောဖို့ရန်ခက်သော်လည်း အင်္ဂလိပ်တို့၏ ကိုလိုနီအုပ်ချုပ်မှုယန္တရားကြောင့် ဘာသာစကား ရင်းမြစ်တူ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတူ၊ မျိုးနွယ်တူ လူမျိုးကြီးတစ်ခုသည် အကွဲကွဲအပြား ပြားဖြစ် ခဲ့ရပါတော့သည်။

ဆလိုင်းအိုက်ဇက်ခင်

ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၅)

၆၊ ဇန်န၀ါရီလ ၂၀၁၉ | ဤသို့ဖြင့် ရခိုင်တောင်တန်းခရိုင်၊ ပခုက္ကူတောင်တန်းဒေသနှင့် ချင်းတောင်တန်းများစည်းမျဉ်းဖြင့် အုပ်ချုပ်သည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ် ကြီး၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးကို ဗမာပြည်နှင့်အတူ ရယူရုံမက၊ ဗမာပြည်နှင့် ပူးပေါင်း၍ ပြည်ထောင်စုနိုင်ငံတစ်ခုတည်ထောင်မည်ဟု တောင်တန်းဒေသစုံစမ်းရေးကော်မရှင်မှတစ်ဆင့် သော်လည်းကောင်း၊ ချင်း-ဗမာ ချစ်ကြည်ရေးညီလာခံမှ တစ်ဆင့်သော်လည်းကောင်း၊ ပင်လုံစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းအားဖြင့်သော်လည်းကောင်း အသီးသီး စိတ်ချ သဘောထားဆန္ဒပြု ကာ ၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် အင်္ဂလိပ်လက်အောက်၌ နှစ် (၁၂၀) ကျော်၊ နှစ် (၅၀) ကျော် နေထိုင်ခဲ့ရခြင်းအဖြစ်အနေမှ လွတ်မြောက်ခဲ့ကြလေသည်။

ထို့ကြောင့် ရခိုင်တောင်တန်းခရိုင်ဟု အင်္ဂလိပ်လက်အောက်တွင် ခေါ်တွင်ခဲ့သော ပလက်ဝဒေသ၊ ပခုက္ကူ တောင်တန်းဒေသဟုခေါ်တွင်ခဲ့သော ကန်ပက်လက်-မင်းတပ်နယ်နှင့် ချင်းတောင်တန်းများ စည်းမျဉ်းဖြင့် အင်္ဂလိပ်တို့က အုပ်ချုပ်ခဲ့သောနယ်မြေဒေသများတွင်ပါဝင်သည့် တီးတိန်နယ်၊ ဖလမ်းနယ်နှင့် ဟားခါးနယ်တို့သည် ၁၉၄၈ ခုနှစ် မတိုင်မီ မရှိခဲ့ဘူးသော၊ ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏အစိတ်အပိုင်းအဖြစ်ရပ်တည်နေသော ချင်းပြည်နယ်၏ မူလ ပူးတွဲတည် ထောင်သူများ (Co-founders of the Chin State) ပင်ဖြစ်ပါတော့သည်။

ဆလိုင်းအိုက်ဇက်ခင်

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: