May 21, 2025

ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၈)

0
Isaac Khen

Salai Isaac Khen

ဆလိုင်းအိုက်ဇက်ခင်| ၈၊ ဇန်န၀ါရီလ ၂၀၁၉| အညာနှင့် ပုံတောင်ပုံညာတွင် ရှေးဦးလူ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖေါ်တွေ့ရှိပြီးသည့်နောက် အညာလူ အယူအဆနှင့် ပုံတောင်ပုံညာလူအယူအဆတို့ တစ်ချိန်က ခေတ်စားခဲ့ဘူးသည်။ ထို့ပြင် မြန်မာလူမျိုးသည် တကောင်းကစသည်ဟူသည့်အယူအဆနှင့် ကျောက်ဆည်ကစသည်ဟူသည့်အ ယူအဆတို့၏ အားပြိုင်မှုကိုလည်း တွေ့ရသည်။ အမှန်စင်စစ် စနစ်တကျရှိသောအုပ်ချုပ်မှုနည်း လမ်းဖြင့် နိုင်ငံတည်ထောင်ပြီး မည်သူက ဘုရင်လုပ်သည်ဆိုသည်ကို ခိုင်လုံသည့်မှတ်တမ်းမှတ်ရာ စတင်တွေ့ရှိရသည့်အချိန်မှာ ပုဂံနိုင်ငံ (အေဒီ ၁၁ ရာစု) ခေတ်တွင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံသည် ပုဂံခေတ်ကအစပြုသည်ဟု လွယ်လွယ်ကူကူ ထင်မှတ်ကြသည်။ သို့သော် ဟန်လင်း၊ ဗိဿနိုး၊ တကောင်း စသည်တို့ကို တူးဆွသိရှိလာနိုင်သောအခါ အနုရုဒ္ဓ၏ ပုဂံသည် ကနဦးအစ မဟုတ်သေးကြောင်း သဘောပေါက်လာကြသည်။

ဆရာကြီးဒေါက်တာသန်းထွန်း၊ ဗိုလ်မှူးဘရှင်၊ ဒေါက်တာသန့်မြင့်ဦးအစရှိသော မြန်မာ့သမိုင်းပညာရှင် ကြီးများ၏ ရေးသားချက်များကို အကြိမ်ကြိမ် ဖတ်ရှုပြီးသောအခါ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်တွင်သောနယ်နိမိတ်အတွင်း နေထိုင်သည့်လူမျိုးများမှာ နဂိုနေလူမျိုးနှင့် မြောက်ဘက် စိနတိုင်းမှ ရွှေ့ပြောင်းဆင်းသက်လာသူများဟူ၍ အုပ်စု နှစ်မျိုးရှိသည်ကို ထင်ထင်ရှားရှားတွေ့ရသည်။ ပျူ၊ မွန် နှင့် ဝေသာလီ/ဓည၀တီခေတ်ဦးလူများသည် နဂိုနေလူမျိုးများဖြစ်လိမ့်မည်ဟုဆိုသည်။ ၎င်းတို့မှာ မြေပြန့်ဒေသများတွင် အဓိကနေထိုင်ခဲ့ကြသည်။ ချင်း၊ ကချင် တို့က ခေတ်ကာလတစ်ခုတွင် မြောက် ဘက် တိဘက်ဒေသမှအစပြုကာ တောင်ဘက် လက်ရှိနေထိုင်ရာဒေသ များအထိ တစ်သုတ်ပြီး တစ်သုတ်၊ တစ်ကာလပြီး တစ်ကာလ ဆင်းလာကြသည်ဟု ဆိုသည်။ သို့ရာတွင် ချင်း၊ ကချင်တို့သည် တောင်ပေါ်ဒေသများတွင်သာ အခြေချနေထိုင်ပြီး၊ မြေပြန့်နေလူမျိုးများ၏ စွက်ဖက်မှု မရှိသော ယင်းဒေသများတွင် ၎င်းတို့သည် ကနဦးအခြေချသူ ဌာနေလူမျိုးများဖြစ်လာကြသည်။

မြောက်ဘက်မှ ဆင်းလာသူများအနက် အေဒီ (၉) ရာစုအစောပိုင်းတွင် ယူနန် (နန်ချောင်) ဒေသမှ ပုဂံ ဒေသသို့ ဆင်းလာသည့်အုပ်စုတစ်စုရှိသည်။ ယင်းတို့အား ဆရာကြီးထီလာစစ်သူက မြင်းစီး ပြီးဆင်းလာသော၊ တိုက်ရည်ခိုက်ရည်ရှိပြီး မြန်ဆန်သန်မာသောလူများဟုရေးသားသည်။ ဆရာကြီးဒေါက်တာသန်းထွန်း၏ အဆို အရ ယင်းအုပ်စုဝင်ခေါင်းဆောင်များအနက်တစ်ဦးသည် အေဒီ (၁၁) ရာစုတွင် ပုဂံထီးနန်းကို ပထမဦးဆုံး အကြိမ် ရယူခဲ့သည်။ ထိုသူမှာ ကျန်စစ်သားဖြစ်သည်။ ကျန်စစ်သားသည် အနုရုဒ္ဓ၏အဆက်အနွယ် မဟုတ်၊ ငတစ်ပါးမင်း ဖြစ်သည်ဟုဆိုသည်။ ယင်းနောက်တွင် ယင်းအုပ်စုဝင်များသည် ပုဂံအပါအ၀င် နီးစပ်ရာ ဒေသများ တွင် နဂိုနေလူမျိုးများကို လွှမ်းမိုးကာ ဘာသာစကားနှင့် ဘာသာတူအသိုက်အ၀န်း (civilization) တစ်ခုကို ထူထောင်ခဲ့ကြ သည်။ ပုဂံ၊ ညောင်ရမ်း၊ အင်းဝ၊ တောင်ငူမှသည် မန္တလေးတို့တွင် နန်းစိုက်ခဲ့ကြသည်။

နှစ်အတန်ကြာ စာအုပ်စာတမ်းများရော၊ မြေပြင် လေ့လာမှုများပါ ပြုလုပ်သောအခါ ပြည်ထောင်စု မြန်မာနိုင်ငံတွင် အနည်းဆုံးယဉ်ကျေးမှု အသိုက်အ၀န်း လေးမျိုးတွေ့ရ သည်။ ချင်း၊ ကချင်လူမျိုး များပါဝင်သည့် အနောက် မြောက်နှင့် မြောက်ပိုင်း ယဉ်ကျေးမှု အသိုက်အ၀န်း၊ ရှမ်း၊ မွန်နှင့် ကရင်လူမျိုးအုပ်စုများပါဝင်သည့် အရှေ့နှင့် အရှေ့ တောင်ပိုင်း ယဉ်ကျေးမှုအသိုက်အ၀န်းနှင့် ရခိုင် လူမျိုးပါဝင်သော အနောက်ပိုင်းယဉ်ကျေးမှု အသိုက်အ၀န်းတို့ဖြစ်သည်။ မြန်မာ (ရာဇ ကုမာရ်ကျောက် စာအရ မြမ္မာ) တို့၏ယဉ်ကျေးမှုကိုမူ အလယ်ပိုင်းယဉ်ကျေးမှုဟု ခေါ်ဆိုနိုင်ပြီး ရောနှောပြီး တည် ဆောက်ထားသော (mixed and constructed) ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ ချင်း၊ ကချင်တို့၏ ယဉ်ကျေးမှုသည် ဖခင်/ယောကျာ်း ဘက်ကို ဗဟိုပြုသော တရုတ်နွယ်ယဉ်ကျေးမှုမျိုးဖြစ်သည်။ ရှမ်းနှင့် မွန်တို့၏ ယဉ်ကျေးမှုသည် ယူနန်ပြည်နယ်၊ စစ်ဆောင်ပန်းနားခရိုင်အပါအ၀င် လာအို၊ ကမ်ဘောဒီးယား၊ ထိုင်းနိုင်ငံများအထိကျယ်ပြန့်သော မွန်-ခမာနှင့် တိုင်-ရှမ်းယဉ်ကျေးမှုအသိုက် အ၀န်း၏ အစိတ်အပိုင်းဖြစ်သည်။ အနောက်ပိုင်း ယဉ်ကျေးမှုနှင့် လူနေမှုပုံစံဖြစ်သော ရခိုင်တွင် သားမက်တက်သည့်ဓလေ့အပါအ၀င် အင်ဒို-ဘင်္ဂလာနွယ်သော လူနေမှုပုံစံအချို့ကိုတွေ့ရသည်။

မြောက်ဘက်က ဆင်းလာသူချင်းအတူတူ ချင်းနှင့်ကချင်သည် ဘာသာစကားဖွဲ့စည်းပုံ တူညီနီးစပ်မှု အလွန်များပြီး၊ ရခိုင်-မြန်မာ-ယော-ထားဝယ် စသည်တို့မှာ ဘာသာစကားအုပ်စုတစ်စုအဖြစ် တူညီမှု ၈၀% မှ ၉၈% ထိရှိသည်။ ထို့ကြောင့် တိဘက်တိုဘားမင်းအုပ်စု ၀င်များဖြစ်လင့်ကစား ချင်း-ကချင်အစုနှင့် ရခိုင်-မြန်မာ-ယော-ထားဝယ်အစုတို့သည် ဘာသာစကားနှင့် ရိုးရာ ဓလေ့ယဉ်ကျေးမှု အရလည်းကောင်း၊ လူနေမှုပုံစံအရလည်းကောင်း အလွန်ကွဲပြားကြောင်းတွေ့ရသည်။

ဆလိုင်းအိုက်ဇက်ခင်

Leave a Reply

Your email address will not be published. Required fields are marked *