လူ့အခွင့်ရှူ့ထောင့်ဖြင့် ရေရပိုင်ခွင့် သုံးသပ်ခြင်း__ ရေရပိုင်ခွင့်သည် လူ့အခွင့်အရေးလော

Tha Peng Cung| 9 February 2019| 

ရေချိုသည် သက်ရှိသတ္တဝါများအတွက်သာမက သဘာဝဂေဟစနစ်အတွက်ပါ မရှိမဖြစ်အရေးပါသည့် သဘာဝသံယံဇာတ ရင်းမြစ်ဖြစ်ကြောင်း၊ ရေရှားပါးပြတ်လတ်မှုများ ဖြစ်ပွားရခြင်းအကြောင်းရင်းများကိုလည်ကောင်း၊ ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲ စိန်ခေါ်ချက်များကိုလည်း “ဘာလဲဟဲ့ ရေချို” ဆိုသည့် စာစုတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ဤစာစုတွင် ရေသည် နိုင်ငံသား/လူသားတိုင်း သာတူညီမျှ ခံစား/စံစားခွင့်ရှိသည့် သဘာဝသယံဇာတရင်းမြစ် ဟုတ်/မဟုတ်၊ ရေကို လူသားတိုင်းခံစားခွင့်ရှိသည့် လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် ချဉ်းကပ်သင့်သည့်အကြောင်းရင်းများ၊ ထိုသို့ လူ့အခွင့်အရေးတစ်ရပ်အဖြစ် သတ်မှတ်ချဉ်းကပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများစသည်တို့ကို ရေးသားဆွေးနွေးပါမည်။

နိုင်ငံတကာဥပဒေများတွင် ရေ ရပိုင်ခွင့်ပြဌာန်းထားချက်များရှိပါသလား
———————————————————–

နိုင်ငံတကာ သဘောတူညီချက်များနှင့် ကြေညာစာတမ်းများ
————————————————–

(၁) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း
————————-

ယင်းစာတမ်းတွင် ‘ရေ’ဆိုသည့်စကားလုံးဖော်ပြထားခြင်းမရှိပေ။ သို့သော် ယနေ့ခေတ်တွင် ကမ္ဘာနှင့်အ၀ှမ်းရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များကို ဖြေရှင်းနိုင်ရင် အခရာဖြစ်သည်မှာ ရေ သည်ပင်ဖြစ်သည်။ ဥပမာအားဖြင့် ပဋိညာဉ်စာတမ်း၏ အပိုဒ် (၅၅)တွင် ပြဌာန်းထားသည့် အရာများကို ဖြစ်မြောက်စေရေးတွင် ရေ ၏ အခန်းကဏ္ဍကို မေ့ထား၍မရချေ။ ယင်းပြဌာန်းချက်များမှာ –

– လူနေမှုအဆင့်အတန်းမြင့်မာလာစေရေး၊ အလုပ်လက်မဲ့မှုပပျောက်ရေး၊ လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး

– အပြည်ပြည်ဆိုင်ရာ စီးပွားရေ၊ လူမှုရေးနှင့် ကျန်းမာရေးမှာစ၍ ၄င်းတို့နှင့် ဆက်စပ်လျက်ရှိသော ပြဿနာရပ်များအား ဖြေရှင်းရေး၊ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုနှင့် ပညာရေးပူးပေါင်းဆောင်ရွက်ရေး

– လူမျိုးမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ မိခင်ဘာဘာစကားနှင့် ကျား/မ မရွေး ခပ်သိမ်းသော လူသားတိုင်းအတွက်ဖြစ်သော လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားစွာဖြင့် တစ်ကမ္ဘာလုံးမှ လိုက်နာကျင့်သုံးရေး

တို့ဖြစ်ကြသည်။

(၂) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း
———————————————–

၁၉ ၄၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အတည်ပြုခဲ့ကြသည်။ ၄င်းစာတမ်းမှ အပိုဒ် (၂၅) တွင် –

” လူသားတိုင်းတွင် မိမိနှင့် မိမိမိသားစု၏ ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည် နေအိမ်၊ … လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်” ဟု ပြဌာန်းထားသည်။ ဤကြေညာစာတမ်းတွင်လည်း “ရေ” ဆိုသည့် စကားလုံးမပါဘာလားဆိုသည့် မေးခွန်း ထုတ်ကောင်းထုတ်ကြပါလိမ့်မည်။ ရေဟု သီးခြားထည့်စရာလိုပဲ ထည့်သွင်းအကျုံးဝင်ပြီးသားဟု အကြွင်းမဲ့ ယူဆထားခဲ့ကြဟန်ရှိပါသည်။ ဖော်ပြပါ ကျန်းမာရေး၊ စား၊ ၀တ်၊ နေရေးတို့အတွက် အရည်အသွေးပြည့်မှီပြီး လုံလောက်သည့် ရေ ပမာဏရရှိနိုင်မှုသည် အခရာကျကြောင်းသက်သေပြရန် မလိုအပ်ပါချေ။

(၃) နိုင်ငံတကာအမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးသဘောတူစာချုပ် (စီဒေါ)နှင့် ကလေးအခွင့်အရေးများဆိုင်ရာ ကွန်ဗင်ရှင်း
———————————————————–

လက်ရှိအချိန်ထိတွင် ရေသည် လူ့အခွင့်အရေးပါဟု တိုက်ရိုက်ညွှန်းဆိုနေသော လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်(၂) ခုသာ ရှိသေးသည်။ ၄င်းတို့မှာ စီဒေါနှင့်ကလေးအခွင့်အရေးများဆိုင်ရာ ကွန်ဗင်ရှင်းတို့ပင်ဖြစ်ကြသည်။

စီဒေါကို လက်မှတ်ရေးထိုးသည့် တိုင်းနိုင်ငံများအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် တာဝန်ရှိကြသည်။ အထူးသဖြင့်ကျေးလက်ဒေသနေ အမျိုးသမီး၏ လူနေမှုအဆင့်အတန်းမြှင့်တင်ရေး ( နေအိမ်၊ မိလ္လာ၊ လျှပ်စစ်နှင့် သောက်သုံးရေ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး) ကို အသားပေးဖော်ဆောင်ရန် ဟူ၍ပြဌာန်းထားသည်။

ကလေးအခွင့်အရေးများဆိုင်ရာ ကွန်ဗင်ရှင်းတွင်မူ ကလေးငယ်များ၏ ရောဂါနှင့် အာဟာရချို့တဲ့မှုတိုက်ဖျက်ရေးကို အလေးပေးဖော်ပြထားပြီး၊ ထိုသို့ တိုက်ဖျက်ရာတွင် လုံလောက်သော အာဟာရထောက်ပံ့ရေး၊ သန့်ရှင်းသော သောက်သုံးရေ ပံ့ပိုးပေးရေး၊ ညစ်ညမ်းသည့်ပတ်ဝန်းကျင်နှင့် ကင်းကွာသည့်နေရာတွင် ကလေးများကို ပြုစုပျိုးထောင်ရေးနှင့် ဆန်းသစ်သည့်နည်းပညာများအသုံးပြုရေးဆို့ပါဝင်သည်။ စီဒေါနှင့်မတူသည့်အချက်မှာ ကလေးကျန်းမာရေးကို ဦးစားပေးသည့်အတွင် ရေအရည်အသွေးကောင်းမွန်ပြည့်မီဖို့ဆိုသည်မှာလည်း သီးသန့်ဖော်ပြရန် မလိုအပ်တော့ချေ။

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ
——————————————-
(၁)စတုပ်ဟုမ်း ကြေညာစာတမ်း
————————–

ဤကြေညာစာတမ်းသည် ခပ်သိမ်းသော လူသားအားလုံး ကိုယ် စိတ်နှဖြာ ကျန်းမာသန်စွမ်းစွာအသက်ရှင်နေထိုင်နိုင်ရေးအတွက် သန့်ရှင်းလတ်ဆတ်သည့် သဘာပတ်ဝန်းကျင်ရပိုင်ခွင့်နှင့် ယင်းသဘာဝပတ်ဝန်းကျင်ကို နောင်လာနောက်သားများထိ လက်ဆင့်ကမ်းနိုင်ရန် ရေ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့် ပထမဆုံးသော နိုင်ငံတကာအဆင့် ကြေညာစာတမ်းဖြစ်သည်။

(၂)Mar del Plata Action Plan
——————————

၁၉ ၇၇ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံရှိ Mar del Plata မြို့ ၌ကျင်းပခဲ့ကြသည့် ကုလသမဂ္ဂ ဆိုင်ရာ ရေ ကွန်ဖရင့်တက်ရောက်ခဲ့ကြသော နိုင်ငံတကာ ပညာရှင်များသဘောတူထားသည့် Action Plan ဖြစ်သည်။ ယင်း Action Plan တွင် ရေကို အခြေခံလူ့အခွင့်အရေးအဖြစ် စတင်အသိအမှတ် ပြုခဲ့ကြပြီး ၊ အရည်အသွေးပြည့်မီ၍လုံလောက်သော ရေ ပမာဏကို လူသားတစ်ဦးချင်စီ၏ အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်ဖြစ်သည်ဟု အတိအလင်း ကြေညာခဲ့ကြသည်။ ယင်းကွန်ဖရင့် ရလဒ်အနေဖြင့် “ရေနှင့် မိလ္လာစနစ်ကောင်း” ဆိုသည့် ဆောင်ပုဒ်ဖြင့် (၁၉ ၈၀-၁၉ ၉ ၀) နှစ်ကို အပြည်ပြည်ဆိုင်ရာ သောက်သုံးရေးပံ့ပိုးပေးနိုင်ရေးနှင့် မိလ္လာစနစ်ကောင်း ဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့ကြသည်။

(၃) ဒုပ္ပလင် ကြေညာချက်
———————-
အိုင်ယာလန်နိုင်ငံမြို့တော် ဒုပ္ပလင်ကွန်ဖရင့်တွင် မူဝါဒသဘောတူညီချက် (၄) ရပ်အနက် တစ်ခုသည် အခြေခံလူ့အခွင့်အရေးတစ်ရပ်အဖြင့် ရေ ရပိုင်ခွင့်ကိုထပ်မံ အတည်ပြုခဲ့ကြပြီး၊ ရေသည် လူသားတိုင်းရယူခံစားပိုင်ခွင့်ရှိသည့် သဘာဝရင်းမြစ်တစ်ခုဖြစ်၍ သန့်ရှင်းသောရေကို လူတိုင်းတတ်နိုင်သည့်လက်တစ်ကမ်းတွင် ရယူသုံးစွဲနိုင်အောင် ပံ့ပိုးပေးရမည် ဟု ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

(၄) အာဂျင်ဒါ (၂၁)
—————–

ရေရည်ဖွံ့ဖြိုးတိုးတက်မှု၏ သန္ဓေတည်ရာ ယင်း အာဂျင်ဒါ (၂၁)၏ အခန်း (၁၈) ရေချို ကဏ္ဍတွင် ရေ ရပိုင်ခွင့်ဆိုသည့် အဆိုပြုချက်ထဲတွင် အခြေခံအားဖြင့် အစိတ်အပိုင်းသုံးခုရှိကြောင်း၊ ယင်းတို့မှာ ရေ ရယူသွယ်ယူပိုင်ခွင့်၊ ရေအရည်အသွေးနှင့် ရေပမာဏတို့ဖြစ်ကြကြောင်း၊ အရည်အသွေးပြည့်မီပြီး လုံလောက်သော ရေပမာဏရယူခံစား စံစားပိုင်ခွင့်သည့် လူသားတိုင်းအတွက် အခရာကျသည့်အရာဖြစ်ကြောင်းနှင့် ဒေသအသီးသီးရှိ လူတန်းစားများ၏ လူမှုရေးနှင့်နိုင်ငံရေးအဆင့်အတန်းတို့၊ ဆင်းရဲချမ်းသာခွဲခြားမှု စိုးစဉ်းမျှမရှိဘဲ သာတူညီမျှ ခံစားစံစားပိုင်ခွင့်ရှိကြကြောင်း ဖော်ပြထားသည်။ ထို့ပြင် ရေကို လူမှုရေးနှင့်စီးပွားရေးဆိုင်ရာအကျိုးအမြတ်ဖြစ်ထွန်းစေမည့် သဘာဝရင်းမြစ်အဖြစ်ရှုမြင်ပြီး၊ သာတူညီမျှ အကျိုးခံစားရန်မှာ ထောင့်ပေါင်းစုံ အလွှာပေါင်းစုံက ချဉ်းကပ်သည့် စီမံခန့်ခွဲရေးနစ်ဖြင့် အကောင်အထည်ဖော်သင့်ကြောင့် အကြံပြုထားသည်။

ရေ ရပိုင်ခွင့်ကို လူ့အခွင့်အရေးတစ်ရပ်အဖြစ် သဲသဲကွဲကွဲ ရေးဆိုဖော်ပြကြခြင်းမရှိသေးကြသည့်တိုင် အသက်ရှင်နေထိုင်းရေးအတွက် လိုအပ်သည့်အရာတိုင်း၏ အရေးပါအခန်းကဏ္ဍတွင် ရေသည်ပါဝင်နေကြောင်း အငြင်းပွားဖွယ်မရှိချေ။ ဥပမာအားဖြင့် အောက်ဖော်ပြပါ အခြေခံလူ့အခွင့်အရေးများသည် ရေ မပါဝင်ပါလဲလျက် မည်သို့မျှ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မည်မဟုတ်ပါချေ။

Right to life- ၁၉ ၄၈ ကတည်းက ယင်ကိုလူ့အခွင့်အရေးတစ်ရပ်ဖြစ် အမြတ်တနိုးအသိအမှတ်ပြုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင်လည်း ပြဌာန်းထုတ်ပြန်ကြေညာကြသည်။ ရေ မပါဘဲလျက် မည်သည့်အသက်မျှ ဆက်လက်ရှင်သန်နိုင်ခြင်းမရှိကြောင်းကို အငြင်းပွားဖွယ်မရှိချေ။

Right to food- အစားအစာများ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချခြင်းဖြစ်စဉ်တိုင်းတွင် ရေ၏ အခန်းကဏ္ဍကို မသိကျူးကျွန်ပြုရန်မဖြစ်နိုင်ပေ။ ရေချိုပမာဏ၏ ၇၀% ခန့်သည် စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုနေကြပြီး၊ ကမ္ဘာပေါ်ရှိ အစားအစာထုတ်လုပ်မှုလုပ်ငန်း၏ သုံးပုံ တစ်ပုံ ကျော်သည် ရေသွင်းစိုက်ပျိုးသည့်လုပ်ငန်းမှ ရယူထုတ်လုပ်ကြသည်။

Right to Self-Determination – ကိုယ်ပိုင်ပြဌာန်းခွင့်သည့် လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း၏အနှစ်ဖြစ်ပြီး၊ ရေအပါအ၀င် သဘာဝသယံဇာတများစီမံခန့်ခွဲပိုင်ခွင့်ကိုလည်း အပ်နှင်းထားသည်။

Right to an adequate standard of living – ရေ ရပိုင်ခွင့်ကို အပြည့်အ၀ကျင့်သုံးနိုင်စွမ်းမဲ့နေကြလျှင် မည်သို့မျှ လူနေမှုအဆင့်အတန်းကို မြင့်တင်ပေးရန်မဖြစ်နိုင်ပေ။

Right to housing – ရေ ရပိုင်ခွင့်သည် အိမ်ဆောက် မြို့သစ်မတည်ခင်ကတည်းက ပေးထားသင့်သည့်အခွင့်အရေးဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီက၏အလိုအရ အိမ်ဆောက်မြို့သစ်တည်မည်ဆိုရာတွင် သန့်ရှင်းသည့် ရေလုံလောက်စွာရရှိနိုင်သည့် အခြေအနေကိုအရင်းစဉ်းစားပြီးမှသာ အခြားသော အဆောက်အဦးများကို ထည့်သွင်းစဉ်းစားသင့်သည်ဟု အကြံပြုထားကြသည်။

Right to Education – ပညာသင်ယူခွင့်တွင်လည်း ရေသည် အချက်အချာကျလွန်းလှသည်။ အကြောင်းရင်းမှာ သောက်သုံးရေ လွယ်ကူစွာ ရရှိနိုင်ခြင်းမရှိသည့် နေရာဒေသများတွင် သောက်သုံးရေ ခပ်ယူခြင်းဖြင့် အချိန်ကုန်နေကြပြီး ပညာသင်ယူရေးအတွက် အချိန်ပေးနိုင်ခြင်းမရှိသည့် ပညာရေးပိုင်းကိုထိခိုက်နိုင်သည်။

Right to Health – သန့်ရှင်းသည့် သောက်သုံးရေ လုံလောက်စွာ ရရှိခြင်းမရှိပါက ကျန်းမာစွာအသက်ရှင်နေထိုင်ရန်မဖြစ်နိုင်ချေ။ သန့်ရှင်းသည့်သောက်သုံးရေ ရရှိနိုင်ခြင်းမရှိသောကြောင့် နှစ်စဉ် လူပေါင်း ၃ သန်းခန့် သေဆုံးနေကြပြီး၊ WHO က ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ရောဂါ၏ ၈၀% နှင့် သေဆုံးမှု သုံးပုံတစ်ပုံကျော်ကိုသန့်ရှင်းသော သောက်သုံးရေလုံလောက်စွာ ပေးနိုင်ခြင်းဖြင့် ကာကွယ်နိုင်မည်ဟု ခန့်မှန်းထားသည်။

Right to take part in cultural life – ဌာနနေတိုင်းရင်းသားလူမျိုးများ၏ ကနဦးမမူလ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ရေ ရပိုင်ခွင့်သည်အဓိကကျသည်။

ရေ ရပိုင်ခွင့်၏ လွှမ်းခြုံနိုင်မှု
————————-

ရေရပိုင်ခွင့် ဆိုသည့်စကားလုံးသည် လူသားအကျိုးပြုလုပ်ငန်းများအတွက် ရေရယူပိုင်ခွင့်ကိုသာမက သဘာဝပတ်ဝန်းကျင်ရေရှည်ထိန်းသိမ်းရေးအတွက်ပါအရေးပါသော မြစ်၊ချောင်း၊အင်း၊အိုင်များနှင့် ဂေဟစနစ်တို့ပါ အကျုံးဝင်စေသင့်သည်။ ထို့သို့ အကျုံးဝင်စေခြင်း လစ်လင်းသွားပါက အခွင့်အရေးအခြေပြုချဉ်းကပ်မှုဆိုသည့် အမြင်မှ သွေဖယ်သွားမည်ဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမရှိသည့်နေရာတွင် ရေချိုသည်လည်း ရေရှည်အကျိုးမပြုနိုင်ဘဲ အလျင်အမြင်တိမ်ကောသွားမည်သာ။

အရည်အသွေးပြည့်မီပြီး လုံလောက်သော သောက်သုံးရေပံ့ပိုးဖြန့်ဝေရေးစဉ်းစားရာတွင် ယင်းသောက်သုံးရေဖြန့်ဝေမည့် ပိုက်လိုင်းစီမံကိန်းကို ကျော်လွန်၍မြစ်ဝှမ်းတစ်ခုလုံး စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အထမများ၊ ရေနှင့်ဆက်စပ်မှုရှိသည့် လုပ်ငန်းတိုင်း၏ လည်ပတ်ပုံစီမံခန့်မှုတို့အထိပါ ကြိုတင်ထည့်သွင်းစဉ်းစားသင့်သည့်အချက်များဖြစ်ကြသည်။ ထို့ကြောင့် မြစ်ကြောင်းတစ်ခုလုံးနှင့် မြေအောက်ရေတစ်ခုလုံးကို ဆက်ပစပ်စဉ်းစားချဉ်းကပ်သင့်မည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေစီးဆင်းမှုကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ဆိုလိုသည်မှာ မြစ်ကြောင်းများ ကြာရှည်ထိန်းသိမ်းရေးအတွက် ရေများကို သဘာဝအတိုင်းစီးဆင်းစေရန် ကြံဆောင်ခြင်းဖြင့်သာ Downstream ရှိ သက်မွေးဝမ်းကျောင်းပြုနေသော အသိုင်းအ၀ိုင်း၏အကျိုးဖြစ်ထွန်းမှုကို သယ်ပိုးရာရောက်မည်။ ရေအသုံးချမှုစီမံခန့်ခွဲရေးဆိုရာတွင် မြစ်ကြောင်းထဲကရေကိုသာစီမံခန့်ခွဲသည်မဟုတ်ဘဲ မြေဆီလွှာနှင့်ဂေဟစနစ် သဟဇာတရှိရှိ ဆက်လက်တည်မြဲရေးကိုပါ ရှေးရှုစဉ်းစားသင့်သည်။

အထက်တွင်ဆွေးနွေးခဲ့ပြီးသည့်အတိုင်း ရေကို လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် ချဉ်းကပ်သည့်အချိန်တွင် တစ်ဦးတစ်ယောက်ချင်းစီး၏ ရေ ရပိုင်ခွင့်ကို ကာကွယ်ပေးသည့်အပြင် ဂေဟစနစ်ထိန်းသိမ်းရေအထိပါ လွှမ်းခြုံစဉ်းစားပေးသည်။

ရေ ရပိုင်ခွင့်ဆိုသည်မှာ…

ရေ ရပိုင်ခွင့်တွင် အဓိကအားဖြင့် အပိုင်းသုံးပိုင်းရှိကြောင်း အထက်တွေ ဆွေးနွေးခဲ့ပြီးဖြစ်သည်။ လူ့ဘ၀ရပ်တည်နိုင်ရေးအတွက် အခြေခံကျသည့် အရည်အသွေးပြည့်မီ၍ လုံလောက်သည့် ရေပမာဏကို သွယ်ယူ ဖြန့်ဝေခြင်းဆိုသည့် အရည်အသွေး၊ ပမာဏနှင့် ရေသွယ်ယူရေးတို့ပါဝင်ကြသည်။

ရေသွယ်ယူရေးတွင်…
– ခပ်သိမ်းသော လူသားတိုင်းအတွက် ဘေးကင်းလုံခြုံမှုရှိသည့် ရေရရှိေ၇း
– အယောက်စီတိုင်းတတ်နိုင်သည့် ဈေးနှုန်း
– ဥပဒေနှင့်အညီ သာတူညီမျှရှိစွာဖြန့်ဝေရေး

ကောင်မွန်သည့်အရည်အသွေး- တစ်ကိုယ်ရေသုံးသို့မဟုတ် အိမ်တွင်းသုံး သောက်သုံးရေများသည် ဘေးကင်းလုံခြုံမှုရှိရေး

ပမာဏ – တစ်ကိုယ်ရေသုံးအတွက်ဖြစ်စေ၊ အိမ်သုံးအတွက်ဖြစ်စေ လုံလောက်သည့် ပမာဏကို စဉ်ဆက်မပြတ် သွယ်ယူနိုင်ရေး

ထို့ပြင်…
ရေ ရပိုင်ခွင့် ဆိုသည့်စကားရပ်၏နောက်ကွယ်မှ ကပ်ပါလာသည့် တာဝန်များရှိကြသည်။ ၄င်းတို့မှာ-

– အစိုးရ (ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီး)က ဆောင်ရွက်သည့်/မည့် ရေနှင့်စပ်လျဉ်းသည့် စီမံကိန်းများ (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) နှင့်စပ်လျဉ်းပြီး တစ်ဦးတစ်ယောက်ချင်းစီက သတင်းရယူပိုင်ခွင့်ကို အသိအမှတ်ပြုပေးရေး တာဝန်

– ယင်းစီမံကိန်းများ မဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးသည့်အခြေအနေများတွင် တစ်ဦးတစ်ယောက်ချင်းကို ဆုံးဖြတ်ချက်ချသည့် ယန္တရားတွင် ပါဝင်ခွင့်ပေးရေး တာဝန်နှင့် ပါဝင်ရေးတာဝန်

– ယင်းစီမံကိန်းများ၏ သက်ရောက်မှုကြောင့် ထိခိုက်သွားသည့် ဂေဟစနစ်ပြန်လည် ပြုပြင်ထိန်းသိမ်းရေးကို တစ်ဦးတစ်ယောက်ချင်းကဖြစ်စေ၊ အစိုးရများကဖြစ်စေ၊ လူ့မှုအဖွဲ့အစည်းများကဖြစ်စေ ပူးပေါင်းတာဝန်ယူ ထိန်းသိမ်းရေး

– သာတူညီမျှ ရေ သယံဇာတ ရင်းမြစ်ကို ခွဲဝေသုံးစွဲရေးတာဝန်တို့ ဖြစ်ကြသည်။

နိဂုံး
—-

ရေ သယံဇာတ သဘာဝရင်းမြစ် အသုံးချမှုစီမံခန့်ခွဲရေးကို မြစ်ကြောင်းတစ်ခုလုံးနှင့် ဂေဟစနစ်ပါထည့်သွင်းစဉ်းစား စီမံသင့်ပါကြောင်း၊ လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်သည့်အတွက် လူသားဗဟိုပြုဆွေးနွေးခြင့်ဖြင့် လူသားများ၏ရပိုင်ခွင့်များနှင့် တာဝန်များအပြင် သဘာဝဂေဟစနစ်ကျန်းမာစေရေးကိုပါထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ထိုသို့ဖြင့် မြစ်ကြောင်းများတွင် သဘာဝအတိုင်းရေများစီးဆင်းလျက် သောက်သုံးရေကိုလည်း လုံလောက်စွာ နောင်လာနောက်သားမျိုးဆက်သစ်အတွက် အမွေကောင်း ချန်ရစ်ထားခဲ့နိုင်ရေးကို ရှေးရှုလျက် လူ့အခွင့်အရေးအခြေပြု ဘာလဲဟဲ့ ရေ ရပိုင်ခွင့် စာစုကို ရေးသားဆွေးနွေးခြင်းဖြစ်သည်။+++

Tha Peng Cung သည် International Water Centre (IWC) မှ ဖွင့်လှစ်သင်ကြားပေးသည့် Master of Integrated Water Management ကို Australia နိုင်ငံ၊ Brisbane မြို့ရှိ Griffith University ၌ တက်ရောက်ပညာသင်ယူနေသော ကျာင်းသားတစ်ဦးဖြစ်ပါသည်။

 

Leave a Commnet

%d bloggers like this: