သီကီရ် ရေလှောင်တမံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်ပေးမည်

The Chinland Post| 2019 January 15| ထန်တလန်မြို့နယ်ရှိ သီကီရ် ရေလှောင်တမံနှင့် ရေအားလျှပ်စစ်ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်ဖွင့်လှစ်ပေးမည်ဟု ချင်းပြည်နယ် အစိုးရရုံးမှ သတင်းရရှိပါ သည်။
“ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးအို၏ ကျေးရွာဖြစ်သော သီကီရ်ရွာတွင် တည်ဆောက်နေသော ရေလှောင်တမံနှင့် ရေအားလျှပ်စစ်ဖွင့်ပွဲအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဒီလ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်။ ဒီရေလှောင်တမံကနေ ၅၀ killowatt ဓာတ်အားထွက်ပြီး ကျေးရွာရဲ့ ဖွံဖြိုးရေးအတွက်နှင့် မီးအားပေးသွားမှာဖြစ်တယ်” ဟု ချင်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်မှ The Chinland Post သတင်းဌာနသို့ ပြောကြားသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးအို၏ ချင်းပြည်နယ် ခရီးစဉ်နှင့်ပတ်သက်ပြီးတော့ ၄င်းဝန်ကြီးမှ “ဒုသမ္မတတော့ ချင်းပြည်နယ်ကို လာဖို့အစီအစဉ်တော့ ရှိတယ်။ ဒါပေမယ့် နေ့ရက် အတိအကျ မသိရသေးဘူး။ ဒီ သီကီရ် ရေလှောင်တမံနှင့် ရေအားလျှပ်စစ်ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အတူတက်ရောက်နိုင်တယ်” လို့ ထပ်မံပြောကြားသည်။
သီကီရ် ရေလှောင်တမံနှင့် ရေအားလျှပ်စစ်စီမံကိန်းသည် ချင်းပြည်နယ်အစိုးရ ဘဏ္ဏာငွေအား အသုံးပြုခြင်းမရှိဘဲ မြန်မာကျပ်ငွေဖြင့် ၂ ဘီလီယံဖြင့် တည်ဆောက်သည်။ ဒီစီမံကိန်းကနေ ကျေးရွာတွင်လိုအပ်နေသော ရေ၊ မီးနှင့် အခြား စိုက်ပျိုးရေးနှင့် ကျေးရွာဖွံဖြိုးရေး အတွက် အသုံးပြုသွားမှာ ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်ကာလတွင် မင်းတပ်မြို့ နှင့် ကန်ပလက်မြို့သို့ သွားရောက်ခဲ့ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ် ဟားခါးမြိှု့၌ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တစ်ည အနားယူမှာဖြစ်တယ်လို့ ကြားသိရသည်။