အနာဂတ်သစ်ဆီသို့….

0

ဆလိုင်း (ရသစာပေ)| ၂၀၁၉ ဖေဖော်ဝါရီ ၂၈| လူသည်ပေါင်းသင်းဆက်ဆံရသောသတ္တဝါဟု အဆိုရှိသည်။ ထိုသို့ဆိုပေသော်လည်း ယဉ်ကျေးမှုဓလေ့အားဖြင့် လူမျိုးတစ်ခု၏ဘာသာစကား၊ အယူအဆ၊ ခံယူချက်များ ကွဲပါးသွားတတ်သည်။ ရှေးခေတ်ဘိုး၊ ဘွား၊ ဘီများ၏ အယူအဆများက ရှေးရိုးစွဲအဖြစ်အခြားဒေသများတွင် လွှမ်းမိုးလျက်ရှိနေသေးသည်။ ခေတ်အရချန်ထားခဲ့ သင့်သောအရာများရှိသည်။ ခေတ်နောက်ပြန်မဆွဲသင့် သော အရာများလည်းရှိပေသည်။ လက်ခံကျင့်သုံးသော ဓလေ့များလည်း ကျန်နေသေးသည်။ ဓလေ့ဆိုသည်မှာ လူ့ယဉ်ကျေးမှုတစ်ခု၏ သမိုင်းဖြစ်သည်။ ယင်းသည်လည်း လက်ခံကျင့်သုံးသောယဉ်ကျေးမှုအပေါ်တွင် အမှီသဟဲပြုနေသည်။ တချို့သောသူများသည် ဓလေ့အကြောင်းပြလျက် ဝါဒဖြန့်မှုများရှိနေသည်။ ဓလေ့ မဟုတ်ဘဲ အယူသီးမှုများဖြစ်သွားတတ်သည်ကို သတိပြုသင့်ပါသည်။

ခေတ်ရေစီးကြောင်းအလိုက်သင့်တင့်လျော်ပတ်အောင် လက်ခံကျင့်သုံးကြရပေမည်။ To be is to change! ဆိုသည့်အင်္ဂလိပ် ဝါကျတစ်ခုရှိသည်။ အဓိပ္ပာယ်က “တည်ရှိနေသော အကြောင်းအရာများကို ပြောင်းလဲရမည်” ဟုဖြစ်သည်။ ဒေသစွဲ၊ ဘာသာရေးအယူဝါဒစွဲ၊ လူမျိုးခွဲခြားမှုများသည်ငြိမ်းချမ်းရေးကို ပျက်ပြယ်သွားစေနိုင် သည်။ သရုပ်ပျက်အယူသီမှုများသည် ချင်းလူမျိုးများ၏ဓလေ့တစ်ခုလိုဖြစ်နေသည်။

မိရိုးဖလာအတွေးအခေါ်များကို ယခုချိန်အထိ မပယ်ရှားနိုင်ကြပေ။ ပြောင်းလဲနေသော ခေတ်ရေစီကြောင်း ကိုအမီလိုက်နိုင်ဖို့အတွက်ဆိုရင် နိမ့်ကျသော အတွေးအခေါ်များ၊ အတ္တများကို ဘေးဖယ်ထားနိုင်ကြရမည်။ ချင်းလူမျိုးတို့သည် Team Work အားနည်းသည်။ ယင်းအကျိုးဆက်ကြောင့် မညီညွတ်ဘဲ ဘေးကနေ သွေးခွဲလွကြသည်။ စုပေါင်းခြင်းမရှိကြသည့်အတွက် တိုးတက်မှုတွင် နှောင့်နှေကြ့န့်ကြာနေတတ်သည်။ အတွေးအခေါ်တွင် တီထွင်ကြံဆမှု အားနည်းနေသည်။ ဝေဖန်တာအားကောင်ပြီး ဆောင်ရွက်တာ အားနည်းသည်။

ထို့ကြောင့်ဂုဏ်ပြိုင် ဓနပြိုင်ဆိုင်ခြင်းဖြင့် အခြားသူများ၏ အောင်မြငှ်ုမကို မုဒိတာမပွားနိုင်ကြပေ။ ကိုယ်နှင့်အမြင် မတူသည့်အခါ အားမပေးဘဲ ရှုတ်ချကြသော အကျင့်ဆိုးများရှိသည်။ မိမိတွေ့ကြုံဖူးသော အတွေ့အကြုံတစ်ခု တည်းဖြင့်သာ အရာအရာတွင် တစ်ဖက်သတ် ဆုံးဖြတ်တတ်ကြသည်။ သုံးသပ်ကြသည်။ ဒီမိုကရေစီ လမ်းကြောင်းဖြင့်သွားနေခြင်းတွင် လုပ်ပိုင်ခွင့်ရှိသောအရာများကို အတူတကွပူးပေါင်းလုပ်ဆောင်ခြင်း အားဖြင့်သာ မိမိတို့၏ယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်းတတ်ခြင်းဖြစ်သည်။

အသင်းအဖွဲ့တစ်ခု၏သြဇာအာဏကြီးမားနေ မှု၊ လွှမ်းမိုးသက်ရောက်နေမှု၊ မဲဆွယ်စည်းရုံးရေးကောင်းမှု၊ အပြောအဆိုကောင်းမှုများက စစ်မှန်သော ဒီမိုကရေစီ ဟုမဆိုထိုက်ပေ။ ဆို၍လည်းမရပေ။ အယူသီစွဲလမ်းမှု ကြောင့်လည်း ခေတ်ရေစီကြောင်းကိုမလိုက်ချင်တာ မျိုး မပြုမူသင့်ပေ။ လူသားတစ်ဦးစီ၏ရပိုင်ခွင့်များကို လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်မှုပေးမှသာလျှင် စစ်မှန်သော ဒီမိုကရေစီ ခေါ်ဆိုထိုက်ပေသည်။ စည်းကမ်းကောင်းမွန်သော ဘောင်အတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့သည် အဓိက သော့ချက်များဖြစ်ပေသည်။ ခေတ်၏သဘောအရ ရှေးရိုးစွဲများ၊ မှားယွင်းသောအယူအဆများကို ချန်လှပ် ထားခဲ့ကြရမည်။ သမိုင်းတစ်ခုအရထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများသည် လူ့အဖွဲ့အစည်းအတွင်းဖြစ်စေ၊ လူမျိုးတစ်စုချင်းစီအနေဖြင့်ဖြစ်စေ၊ လူသားတစ်ဦးချင်းစီ၏တာဝန်များ ဖြစ်လာပေသည်။

ပေါင်းစည်းလုပ်ကိုင်ခြင်းက ယဉ်ကျေးမှုကိုယ်စီကို မှဝေခံစားတတ်ခြင်းပင်ဖြစ်သည်။ “တူရင်တွဲလုပ်၊ မတူရင်ခွဲလုပ်” ဆိုထားသော်လည်း လူမျိုးတစ်ခုချင်းစီ၏ ယဉ်ကျေးမှုကိုတော့ မျက်ကွယ်ပြုတာမျိုးမဖြစ်သင့်ပေ။ အဖွဲ့အစည်းတစ်ခုအနေဖြင့်လုပ်ငန်းလုပ်ဆောင်ကြရာတွင် အသေးအမွှားသည်ပင် အခြေခံအကျဆုံးသော Foundation ဖြစ်လာလေသည်။ Plan အကြီးကြီးဖြင့် စီမံကိန်းများကို မက်မောဖွယ်ရေးဆွဲကြသည့်တိုင် ညီညွတ်မှုမရှိပါမူ လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်ရာတွင် ထိရောက်မှုမရှိနိုင်ပေ။ Development is Nothing ဖြစ်သွားပါလိမ့်မည်။ ကျွန်တော်တို့ ချင်းလူမျိုးများသည်လည်း ခေတ်နှင့်လျော်ညီသော ပြုပြင်သင့်သော အရာများကို လုပ်ငန်းဆောင်တာများတွင် အကျိုးရှိအောင် ဖော်ဆောင်ကြရမည်။

ခေတ်နှင့်ရင်ဘောင်တန်းနိုင်သော အကောင်းဘက်သို့ဦးတည်သော စိတ်ထားမျိုး မွေးမြူကြရမည်။ ထားနိုင်ကြရမည်။ အစွဲအလမ်းမှရှေးရိုးစွဲသောအယူအဆများကို တွန်းလှန်နိုင်ဖို့ ချန်ထားခဲ့နိုင်ဖို့အတွက် သတ္တိရှိကြရမည်။ လုပ်ငန်းလုပ်ဆောင်ကြရာတွင်လည်း အခြားသူများအား ဝေဖန်ပြစ်တင်တာမျိုးကို ရှောင်ရှားကြရမည်။ ဥပေက္ခာပြုခြင်း မျိုးမဖြစ်စေဘဲ သူတစ်ပါးကို ဖေးမကူညီတတ်သော စိတ်ထားများကို မွေးမြူကြရမည်။ အခြားသူများ၏အောင်မြင်မှုအပေါ်တွင်လည်း မုဒိတာပွားနိုင်ကြရမည်။ နောင်လာနောက် သားများအတွက် ကောင်းမွန်သော နမူနာကောင်းများကို အမွေအဖြစ် လက်ဆင့်ကမ်းနိုင်ဖို့အတွက် ကြိုးစာကြရမည်။

အချုပ်အားဖြင့်ဆိုသော် ဓလေ့များရှင်သန်ဆဲလူမျိုးတစ်ခုအနေဖြင့် ယဉ်ကျေးမှုကိုထိန်းသိမ်းသင့်ပါသည်။ ခေတ်နှင့်မအပ်စပ်သော အစွဲများကိုမူ ပယ်ဖျက်ကြရမည်။ သမိုင်းတစ်ခုတွင် လူမျိုးတစ်ခု၏ရှင်သန်မှုသည် အဓိပ္ပာယ်ရှိသော နေထိုင် မှုမျိုးဖြစ်အောင် လုပ်ဆောင်ကြရမည်။ ကမ္ဘာကြီး၏ငြိမ်းချမ်းခြင်းကို လူမျိုးတစ်ခုချင်း စီ၏ ယဉ်ကျေးမှု လေးစားခြင်းဖြင့် ရရှိနိုင်ပါသည်။ တစ်ဖက်သတ် အယူဝါဒများဖြင့် ဓလေ့များကို ဝါးမျိုသွားတာ မျိုးကို ရှောကြကြရမည်။ လက်ရှိဖြစ်တည်နေသော အကြောင်းအရာများသည် ခေတ်၏သဘောဖြစ်သည်။ စိတ်မနောဖြင့် ချင့်ချိန်စဉ်းစားနိုင်ကြရမည်။ ပြောင်းလဲနိုကြရမည်။ ချင်းလူမျိုးတို့ သည်လည်း ခေတ်သဘောအရ ချန်ထားသင့်သောအရာများကို ချန်ထားခဲ့ကြရမည်။ ထိန်းသိမ်းသင့်သောအရာများကို လက်ဆင့်ကမ်းကာ အနာဂတ်ဆီသို့ ယူဆောင်သွား နိုင်ကြရမည်။ ထို့ကြောင့် ပေါင်းဆုံဆည်းနိုင်သော စိတ်ဓာတ်များဖြင့် အနာဂတ်ကမ္ဘာ ဖန်တီးကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: