၂၀၂၀ရွေးကောက်ပွဲကြီးအတွက် ဟိုပါတီ၊ဒီပါတီမကြည့်နဲ့ အမျိုးပြိုင်သည့်ပါတီကိုသာကြည့် ဖြစ်တော့မည်လော
တစ်နှစ်နီးပါးသာကျန်ရှိတော့သည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် နိုင်ငံရေးပါတီများ စိတ်လှုပ်လှုပ်ရှားရှားဖြစ်နေကြသလို၊ အများပြည်သူ လူငယ်၊အမျိုးသမီးများကလည်း ဘယ်ပါတီက ပြည်သူ့အတွက်အမှန်တကယ် အလုပ်လုပ်နိုင်သလဲ၊ အဂတိလိုက်စားမှုကင်းကင်းရှင်းရှင်းဖြစ်နေသလ၊ဲ အများပြည်သူများ၂၀၂၀မှာ ဘယ်ပါတီကို မဲပေးရင်ကောင်းမလဲ စောင့်ကြည့်နေသည့်ကာလဖြစ်သည်။ အများအားဖြင့် ချင်းပြည်သူသက်ကြီးရွယ်အိုပိုင်း၏ သဘောထားကတော့ `ဟိုပါတီ၊ဒီပါတီမကြည့်နဲ့ အမျိုးပြိုင်သည့်ပါတီကိုသာကြည့်´ဆိုတဲ့ စည်းရုံးမှုတွေကြောင့် လူငယ်တွေကြားမှာလည်း အချို့ နေရာဒေသတွေမှာ ဂယက်ရိုက်လာတယ်။
၂၀၁၀ ရွေးကောက်ပွဲကြီးကနဲ့ ကြံ့ခိုင်ရေးပါတီအစိုးရတက်လာတယ် ချင်းပြည်နယ်လွှတ်တော်တစ်ခုလုံးကို ကြံ့ခိုင်ရေးပါတီက ကြီးစိုးခဲ့တယ်။ ထိုအချိန်မှာ ၀န်ကြီးနေရာရကြသည့် ၀န်ကြီးအများစုက သူတို့မြို့ နယ်နှင့် သူတို့အမျိုးတွေအတွက်သာ ဦးစားပေးအလုပ်လုပ်ကြပြီး၊ အမတ်နေရာရကြသည့် အမတ်များကလည်း သူတို့ကျေးရွာဒေသ၊သူတို့အမျိုးတွေအတွက်သာ ကွက်ပြီး ဦးစားပေးအလုပ်လုပ်ကြတာကို ပြည်သူများတွေ့လိုက်ရတော့ အများပြည်သူများ၏အတွေးအခေါ်စိတ်ထဲမှာ တရားမျှတမူနှင့် ပွင့်လင်းမြင်သာမူများ တောင်းတလာကြသည်နှင့်အမျှ ၂၀၁၅အထွေထွေရွေးကောက်ပွဲကြီးမှာတော့ အခြားပါတီများ ဘယ်လောက်ကောင်းကောင်း၊မကောင်းကောင်း စစ်အာဏာရှင်များနှင့် အပေါင်းအပါများ ဖြုတ်ချနိုင်ရေးကတစ်ပိုင်း၊ဒီမိုကရေစီလမ်းစဉ်နှင့် တရားဥပဒေစိုးမိုးရေး၊တန်းတူအခွင့်အရေး၊တရားမျှတမူဖော်ဆောင်ပေးနိုင်မည့် ပါတီကြီးဖြစ်သော NLDပါတီကို အားကိုးတကြီးအဓိကဦးတည်မဲပေးခဲ့ကြပေမဲ့ ၂၀၁၅အလွန် NLDအစိုးရမှတက်လာသော ဝန်ကြီးအချို့ နှင့်အမတ်အချို့ လည်းပဲ ကြံခိုင်းရေးပါတီနည်း၊ ကြံခိုင်ရေးဟန်နဲ့ ပြုမူလာကြတော့ ၂၀၁၈ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူများ ဘယ်ပါတီကို မဲပေးရမှန်း ဝေေ၀ဝါးဝါးဖြစ်ခဲ့ကြရတယ်။
၂၀၂၀ရွေးကောက်ပွဲမှာလည်းပဲ ပြည်သူများ ဝေဝါးနေအုံးမည်ဖြစ်သည်။ ယခုလက်ရှိအခြေအနေအရ ၂၀၂၀ ရွေးကောက်ပွဲအတွက် အချို့ ပြည်သူများကို တီးခေါက်ကြည့်တော့ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာတော့ အများအားဖြင့် အမတ်လောင်း ဘယ်လောက်တော်တော် မတော်တော်၊ဘယ်လောက်လုပ်နိုင် မလုပ်နိုင် အမျိုးပြိုင်သည့်ပါတီကိုသာမဲပေးမည်တဲ့။ ”ဟိုပါတီ၊ဒီပါတီ မကြည့်နဲ့ အမျိုးပြိုင်သည့်ပါတီကြည့်´´ အမျိုးပြိုင်သည့်ပါတီမဲပေးမှ အမျိုးနေရာရမှ သက်သာမည်၊အခွင့်အရေးရမည်ဆိုသည့် အမျိုးလိုက်ပြောဆို စည်းရုံးတာတွေရှိသလို လူမျိုးစု အမတ်နေရာရရှိရေး၊လူမျိးစုအောင်နိုင်ရေး ဟောပြောစည်းရုံးရေးတွေ လုပ်နေကြတာတွေ တော်တော်များများတွေ့ရပါသည်။ ပါတီမကြည့်နဲ့ အမျိုးပြိုင်သည့်ပါတီကြည့် ဖြစ်ပေါ်လာအောင် ဖန်တီးပေးသူတွေကတော့ ကြံခိုင်ရေးပါတီနှင့် NLD ပါတီ ၀န်ကြီး၊အမတ်အချို့ တွေပါပဲ။ ချင်းပြည်နယ် နိုင်ငံရေးယန္တာရားမှာ အမျိုးကြည့်မဲပေးစနစ်ကျင့်သုံးလာကြမည်ဆိုရင် အရည်အချင်းမရှိ၊ ချင်းပြည်အတွက် သုံးစားမရ၊ ဘာမှမပြောမဆို မဆွေးနွေးဘဲ လွှတ်တော်ထဲမှာ ၅နှစ်အတွင်း လခစားပြီး ငုပ်တုတ်ထိုင်နေသည့် အမတ်များသာထွက်လာမည်။
သူတို့ကြောင့် ချင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာနှောင့်နှေးလာမယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေလိုချင်တာက နိုင်ငံရေးယန္တာရားမှာ နိုင်ငံရေးအမြင်ရှိသူ၊အုပ်ချုပ်ရေးပါးနပ်သူ၊ဥပဒေရေးရာကျွမ်းကျင်သူများ၊ပြည်ထောင်စုအဆင့်သမ္မတဝင်ပြိုင်နိုင်မည့်သူများ၊ဖက်ဒရယ်အရေး နှပ်နှပ်စပ်စပ်ဆွေးနွေးနိုင်မည့်သူ ၊ချင်းအမျိုးသားအရေးဆွေးနွေးနိုင်မည်သူ၊ပြည်သူအရေးဦးစားပေးသည့် ပုဂ္ဂိုလ်များကိုယ်သာ မဲပေးစေချင်ပါသည်။ ဒါပေမဲ့ အခုတော့ ချင်းပြည်နယ်အစိုးရလွှတ်တော်ထဲမှာ ပါတီစုံ ရောက်ရှိနေပြီဖြစ်သောကြောင့် ၂၀၁၉ကနဲ့ တစ်နှစ်အတွင်း NLD,ZCPနှင့် ကြားဖြစ်ရွေးကောက်ပွဲကနဲ့ အသစ် တက်လာသည့် CLD သုံးပါတီရောက်ရှိနေပါပြီ။ ပြည်သူများ စောင့်ကြည့်နေကြသည် ပြည်သူများ၏ အသည်းကြားကမဲတစ်ပြား ပေးမည့် ပါတီက ဘက်လိုက်မူမရှိ၊တရားမျှတစွာ ချင်းပြည်နယ်နင့် ချင်းတစ်မျိုးသားတစ်လုံးအတွက်အလုပ်လုပ်ပေးနိုင်သည့် ပုဂ္ဂိုလ်၊ပါတီကိုသာ အများပြည်သူများ မဲပေးရန်စောင့်ကြည့်နေကြသည့်အနေအထားမှာ ရှိနေဆဲပင်ဖြစ်သည်ဟု သုံးသပ်မိပါသည်။
ဆလိုင်းမတူပီ နိုဘိခ်ရေးသားသည်။
စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Chinland Post ၏အာဘော်မဟုတ်ကြောင်းတင်ပြအပ်ပါသည်။