လက်နက်ကိုင်ပဋိပက္ခအတွင်းရှိ လူ့အသိုက်အဝန်းများအတွက် အဓိက သတင်းစကား ၁၅ ချက်

0

The Chinland Post | 2023 February 17

နိဒါန်း။

 

ဤသတင်းစကား ၁၅ ချက်သည် လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် အရပ်သားပြည်သူများ အနေဖြင့် မိမိကိုယ်ကို ကာကွယ်မှုပြုနိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေရန်  ရည်ရွယ်ပါသည်။ ၎င်းတို့သည် အဖွဲ့အစည်းများအနေဖြင့် အရပ်သားများအား အသိပေးရန်အပြင် လက်နက်ကိုင်အဖွဲ့အစည်းများ အကြားတွင် အရပ်သားများအနေဖြင့် မိမိကိုယ်ကို မည်သို့ကာကွယ်နေထိုင်ရမည်ကို လမ်းညွှန်ပေးရန် ရည်ရွယ်သည်။ တစ်နည်းဆိုရလျှင် ဤအချက် ၁၅ ချက်သည် ယေဘုယျ အန္တရာယ်နှင့် လုံခြုံရေး သတင်းစကားမျှသာ မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တာဝန်ရှိမှုကိုပါ ရည်ညွှန်းပါသည်။

ဥပမာ – လုယက်ရမ်းကားခြင်းကဲ့သို့သော အကြောင်းကိစ္စမျိုးတွင် (အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ ကို အရပ်သားများအနေဖြင့်သာ အလေးထားရမည်မဟုတ်) ဆိုလိုရင်းမှာ ဤအချက်များသည် အရပ်သားများ၏ တာဝန်ဟုသာ မှတ်ယူ၍မရပေ။

အချုပ်ဆိုရလျှင် ၎င်းအချက် ၁၅ ချက်သည် အရပ်သားများကိုသာ ဦးတည်ခြင်းမျိုး မဟုတ်ဘဲ လက်နက် ကိုင်ဆောင်သူများပါ အကျုံးဝင်သည်။ သို့သော် လက်နက်ကိုင်ဆောင်သူများသာ အကျုံးဝင်သည် ဟု တိုက်ရိုက်ဖော်ပြထားခြင်းမျိုးလည်း မဟုတ်ပါ။

 

သတင်းစကားများ

 

၁။ လက်နက်ကိုင်ပဋိပက္ခများတွင် အရပ်သားများကို အလေးထား ကာကွယ်စောင့်ရှောက်ရမည်။     အရပ်သားများသည်လည်း မိမိတို့၏ လုံခြုံမှုပိုမိုကောင်းမွန်ရန်နှင့်ဆုံးရှုံးမှုမရှိစေရန် လိုက်လျောညီထွေစွာ နေထိုင်ပြုမူရပါမည်။

၂။ အရပ်သားများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများသည် ကာကွယ် စောင့်ရှောက်မှု ရရှိနိုင်ရမည်။ ဦးတည်တိုက်ခိုက်ခံရခြင်းမျိုး မဖြစ်ရပါ။

၃။ အရပ်သားများအနေဖြင့် စစ်ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် တပ်ပိုင်ပစ္စည်းများ၊  စစ်ဆင်ရေးများ၊ လက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်နေသော နေရာများကို ဖြစ်နိုင်သမျှ ဝေးဝေး ရှောင်ကြဉ်ရပါမည်။

 

၄။ အရပ်သားများသည် ၎င်းတို့ကို ဤပဋိပက္ခအကြား ပါဝင်ပတ်သက်သည်ဟု မထင်စေရန် ပဋိပက္ခနှင့်  ပတ်သက်ဆက်နွယ်မှုရှိသောသင်္ကေတများ သို့မဟုတ် ထင်ရောင်ထင်မှားဖြစ်စေမည့်အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရပါမည်။

 

၅။ စစ်ပွဲကာလများအတွင်းတွင် လက်နက်ကိုင်အဖွဲ့များကို လက်နက်ကိုင်ဆောင်၍ ပြန်လည်ဆန့်ကျင်ခြင်းမျိုးကို လုပ်ဆောင်မိပါက အရပ်သားများအနေဖြင့် ကာကွယ်စောင့်ရှောက်မှုကင်းမဲ့သွားနိုင်ပါသည်။

 

၆။ အရပ်သားများကို ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်းမပြုရ။ ဓားစာခံအဖြစ် ခေါ်ဆောင်ခံခဲ့ရသောအခါတွင်လည်း ကာကွယ်စောင့်ရှောက်မှုများသည် အကျုံးဝင်ဆဲဖြစ်ပါသည်။

 

၇။ အရပ်သားများကို အဓမ္မ ခိုင်းစေခြင်းမပြုရ။

 

၈။ လက်နက်ကိုင်ဆောင်သူ စစ်သားပင်ဖြစ်စေ  သို့မဟုတ်  အရပ်သားဖြစ်စေ ထိန်းသိမ်းခံရပါက (အချုပ်သားအဖြစ်) ကာကွယ်စောင့်ရှောက်မှုကို လူသားဆန်စွာ ရရှိရမည်ဖြစ်သည်။

 

၉။ စစ်ဘေးဒုက္ခသည်များကို နေစရာနေရာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး၊ လုံခြုံဘေးကင်းရေး၊ အစာအာဟာရနှင့် ပတ်သက်၍ လုံလောက်သော ထောက်ပံ့မှုများပေးရပါမည်။ မိသားစုဝင်များသည်လည်း တကွဲတပြားစီ မထားရ/မဖြစ်ရပါ။

 

၁၀။ လူတိုင်းသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်မှု ရရှိရမည်။

 

၁၁။ ကလေးများကို ကာကွယ်စောင့်ရှောက်ရပါမည်။ အရပ်သားများသည် ကလေးများကို လက်နက်ကိုင် အဖွဲ့များသို့ ဝင်ရောက်ရန် အားမပေးသင့်ပါ။ အရပ်သားများအနေဖြင့် ကလေးများအား လက်နက်ကိုင် အဖွဲ့များနှင့်     ဝင်ရောက်ပတ်သက်မှုမှ ရှောင်ကြဉ်ရန်အတွက် တက်နိုင်သမျှသော ဆောင်ရွက်ချက်များကို လုပ်ဆောင်ရပါမည်။

 

၁၂။ ကျောင်းများနှင့် တက္ကသိုလ်များကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး စစ်ရေးအတွက် အသုံးပြုခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းမျိုး မပြုရ။ ကလေးများနှင့် ပညာရေးဝန်ထမ်းများသည် ကျောင်းသို့ နှောင့်ယှက်မှုမရှိဘဲ အန္တရာယ် ကင်းဘေးရှင်းစွာ တက်ရောက်နိုင်ရပါမည်။

 

၁၃။ ဆေးဝန်ထမ်းများ၊ ဆေးဝါးအထောက်အကူပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာယာဉ်များကို အလေးထား ကာကွယ်ရပါမည်။ အရပ်သားများနှင့် လက်နက်ကိုင်များအားလုံးသည် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ရှိသည်။

 

၁၄။ ထိခိုက်ဒဏ်ရာရသူ၊ နာမကျန်းသူ၊ သေဆုံးသူမှာ မိတ်ဆွေ သို့မဟုတ် ရန်ဘက်ပင်ဖြစ်ပါစေ ကာကွယ်စောင့်ရှောက်ရပါမည်။ အရပ်သားများကလည်း ၎င်းတို့ကို ဂရုစိုက်ရပါမည်။ ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် နာမကျန်းသူများကို ပြုစုပေးခြင်းသည် လက်နက်ကိုင်တပ်ဖွဲ့များကို ဘေးဥပါဒ်ဖြစ်စေသော ရန်လိုသောအပြုအမူ မဟုတ်ပါ။

 

၁၅။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်သားများနှင့် ပစ္စည်းများကို ကာကွယ်  စောင့်ရှောက်ရပါမည်၊ တိုက်ခိုက်ခြင်းမပြုရ။ အရပ်သားများသည်လည်း အသက်ဘေးမှ လွတ်မြောက်နိုင်ရန် အတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရရှိရမည်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း စစ်သာများလိုက်နာရမည့် အဓိကစည်းကမ်းချက် ၁၅ ချက်

  1. စစ်ပွဲတွင်တိုက်ရိုက်ပါဝင်သူများ၊ စစ်သားများနှင့် စစ်ဖက်ဆိုင်ရာပစ္စည်းများကိုသာ ပစ်မှတ်ထားတိုက်ခိုက်ရမည်။ ပြည်သူလူထုနှင့် ပြည်သူပိုင်ပစ္စည်းများ သို့မဟုတ် ပြည်သူပိုင် အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရ။

 

  1. စစ်ဘက်ဆိုင်ရာအကျိုးအမြတ်ထက် ပြည်သူလူထုအပေါ်ထိခိုက်မှုပိုများစေသည့် စစ်ဆင်ရေးမျိုး အပြုလုပ်ရ။

 

 

  1. တိုက်ပွဲမစခင်ဖြစ်စေ၊ တိုက်ပွဲဖြစ်နေစဉ်အတွင်းဖြစ်စေ ပြည်သူလူထုများအပေါ် ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကို အကောင်းဆုံးဆောင်ရွက်ရမည်။

 

  1. တားမြစ်ထားသော (အဆိပ်ရှိသော) လက်နက်များကို အသုံးမပြုရ။ ဥပဒေနှင့်မညီသော စစ်ဆင်ရေးနည်းလမ်းများကို အသုံးမပြုရ။

 

 

  1. မိမိ၏စစ်တပ်မှဖြစ်စေ၊ ရန်သူ့စစ်တပ်မှဖြစ်စေ ထိခိုက်ဒဏ်ရာရထားသော စစ်သားများနှင့် ကျဆုံးသွားသော စစ်သားများကို စုဆောင်းကာ ကောင်းမွန်စွာ ဂရုစိုက်ပေးရမည်။

 

  1. ထောင်သားများ၊ စစ်သုံ့ပန်းများနှင့် မိမိ၏ထိန်းချုပ်မှုအောက်တွင်ရှိသော တခြားသူများ အားလုံး၏ အခွင့်အရေးကို လေးစားကာ ၎င်းတို့အား လူသားဆန်စွာ ဆက်ဆံရမည်။ ပြစ်မှုကျူးလွန်သူများအား စစ်ဆေးခြင်းမပြုဘဲ/ တရားရင်ဆိုင်ခွင့်မပေးဘဲ သေမိန့်ပေးခြင်း မပြုရ။

 

 

  1. ပြည်သူများကို ဓားစားခံအဖြစ်ဖမ်းဆီးခြင်း သို့မဟုတ် လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများ မပြုရ။

 

  1. ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် သို့မဟုတ် အလွန်အရေးကြီးသော စစ်ဗျူဟာအတွက် မဟုတ်လျှင် ပြည်သူများကိုနေရာရွှေ့ပြောင်းခြင်း မပြုရ။

 

 

  1. ပြည်သူပိုင်ပစ္စည်းများကို လေးစားပါ။ မခိုးပါနဲ့။

 

  1. အမျိုးသမီးများကိုလေးစားပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မုဒိမ်းကျင့်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်းများ မကျူးလွန်ရ၊ မခွင့်ပြုရ။

 

 

  1. ကလေးသူငယ်များကို ကာကွယ်ပါ။ ကလေးသူငယ်များအား လက်နက်ကိုင်အဖွဲ့အစည်းအတွင်းသို့ စစ်သားစုဆောင်းခြင်း မပြုရ။ ထို့ပြင် ၎င်းတို့အား စစ်မက်ရေးရာများတွင် အသုံးမပြုရ။

 

  1. ဆေးကုသရေးဆိုင်ရာ အမှုထမ်းများ၊ ဆေးရုံများနှင့် လူနာတင်ကားများကို လေးစားပါ။ ကြက်ခြေနီ သို့မဟုတ် လခြမ်းနီကဲ့သို့သော အကာအကွယ်ပေးသည့် အမှတ်အသားများကို အသုံးမပြုရ။

 

 

  1. အကူအညီလိုအပ်သော ပြည်သူများအား သမာသမတ်ကျသော လူသားချင်းစာနာ ထောက်ထားသည့် ကယ်ဆယ်ရေးအဖွဲ့များက အထောက်အပံ့များ ပေးနိုင်ရန် ခွင့်ပြုရမည်။

 

  1. သဘောတူညီချက်စည်းမျဉ်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပါ။ ရန်သူဘက်မှ ဤစည်းမျဉ်းစည်းကမ်းများကို မလေးစား မလိုက်နာသည့်တိုင် မိမိအနေဖြင့် လေးစားလိုက်နာပါ။ စစ်ပွဲဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ရာရောက်သည့် လက်စားချေခြင်းလုပ်ရပ်များကို ရှောင်ကြဉ်ပါ။

 

 

  1. စည်းမျဉ်းစည်းကမ်းချိုးဖောက်ခြင်းများကို တားဆီးပါ။ စည်းကမ်းချိုးဖောက်ခြင်းများ ရှိခဲ့ပါက မိမိ၏တပ်မှူးထံ ချက်ချင်းအစီရင်ခံရမည်။ စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုများကို နိုင်ငံတကာစံချိန်စံညွန်းနှင့် အညီစုံစမ်းစစ်ဆေးပြီး အရေးယူရမည်။

 

Geneva Call ဂျီနီဗာခေါ

ဂျီနီဗာခေါ Geneva Call သည် ဘက်မလိုက်သော၊ အစိုးရမဟုတ်သည့်ကြားနေအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုစံသတ်မှတ်ချက်များအား အစဉ်တစိုက်ဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် လေးစားလိုက်နာရန် ပံ့ပိုးကူညီသော အဖွဲ့အစည်းဖြစ်သည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: