၁၃ နှစ်တာ ရက္ခိုင့်တပ်တော် တော်လှန်ရေးခရီး

0
 ဧပြီ (၁၀) ရက်နေ့သည် အာရက္ခဒေသနေ “ရက္ခိုင်ပြည်သူများ”၏ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းတွင် အရေးပါသောအရေးကြီးသော နိုင်ငံရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် “ရက္ခိုင့်တပ်တော်”ကို ထူထောင်ခဲ့သည့် (၁၃) နှစ်မြောက် နေ့ဖြစ်သည်။
“ရက္ခိုင့်တပ်တော်” (Arakan Army-AA) ကို လွန်ခဲ့သော (၁၃) နှစ်၊ ဧပြီ (၁၀) ရက်နေ့တွင် ရက္ခိုင်မျိုးချစ်လူငယ် (၂၆) ဦးဖြင့်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိမ်းချူပ်ရာ နယ်မြေထဲတွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရှိရပြီး၊ ယနေ့ဆိုလျှင် တပ်သား၊ တပ်သူ အင်အားပေါင်း (၃) သောင်းနှင့်အထက်ဖြင့်၊ တပ်မဟာများ၊ အာလဖာ၊ ဗွီတာ၊ နိုဗာ ဟူသော စစ်ဒေသကြီးများ အသီးသီးဖွဲ့စည်းပြီး”အာရက္ခပြည်”တလွှားတွင် တိုက်ပွဲဝင်နိုင်သည်အထိ ဖြစ်မြောက် ရပ်တည်လာနိုင်နေပြီလည်းဖြစ်ပါသည်။

ရက္ခိုင့်တပ်တော် အနေဖြင့် ယခုကဲ့သို့ အခြေအနေတစ်ခုသို့ ရောက်လာခဲ့သည်မှာ လွန်စွာ ခက်ခဲကြမ်းတမ်းသော ခရီးကြမ်းများကို ဖြတ်သန်းလာခဲ့ရာမှသာ ရောက်ရှိလာခဲ့ခြင်းဖြစ်သလို ယနေ့ “ရက္ခိုင့်တပ်တော်”မှ ဦးဆောင်ဦးရွက်ပြုနေရသော ၂၁ ရာစု အာရက္ခတော်လှန်ရေးသည် ၁၇၈၄ “ရက္ခိုင့်ဘုရင့်နိုင်ငံတော်”အချုပ်အချာအာဏာကျဆုံးပြီးနောက်တွင် အထိရောက်ဆုံး နှင့် အအောင်မြင်ဆုံးသော တော်လှန်ရေးကြီးတစ်ရပ်အနေဖြင့် ရပ်တည်နိုင်နေပြီဖြစ်ပါသည်။
သို့သော် တခြားတဖက်တွင် အာရက္ခမြေကဲ့သို့ “ကတိကဝတ်ပြုနယ်မြေ” (Promised Land) ၌ ရာစုရှည်အိမ်မက်ကြီး” အာရက္ခအိမ်မက်” (Arakan Dream) ကို “ရက္ခိတလမ်းစဉ်” (the Way of Rakhita) အတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရှေ့တွင် မသေးလှသော အခက်အခဲပေါင်းများစွာ ရှိနေနိုင်ပြီး ရက္ခိုင်ပြည်ခေါင်းဆောင်မှုနှင့် ပြည်သူလူထုကြား ခိုင်မာသော ယုံကြည်မူကို တည်ဆောက်ကာ ပြောင်းလဲနေသော ပတ်ဝန်းကျင်အခြေအနေများကို အကျိုးရှိစွာ အသုံးပြုကျော်ဖြတ်နိုင်မှ ခရီးပေါက်နိုင်မည်ဟူ၍လည်း ယူဆရပေသည်။
အဖွဲ့အစည်း တာဝန်နှင့် အာဏာ ခွဲခြားမှုလက်ရှိ ၂၁ ရာစု အာရက္ခတော်လှန်ရေးတွင် အဓိက ဇာတ်ကောင်များဟု ဆိုနိုင်သော အဓိက အဖွဲ့အစည်း (၃) ခုရှိပါသည်။ ၎င်းတို့မှာ “ရက္ခိုင့်တပ်တော်””ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်” နှင့် “ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့” တို့ဖြစ်သည်။
အဆိုပါ အဖွဲ့အစည်းများမှာ တည်‌ထောင်ရသည့် ရည်ရွယ်ချက်များလည်း ကွာခြားကြသလိုလုပ်ဆောင်ကြရမည့် လုပ်ငန်းတာဝန်များလည်း ကွဲပြားကြပေသည်။
ရက္ခိုင့်တပ်တော်သည် “စစ်ရေး၊ ကာကွယ်ရေး နှင့် လုံခြုံရေး”တို့နှင့် အဓိကသက်ဆိုင်သည့်အဖွဲ့ဖြစ်သည်။
လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်သော၊ ဒီမိုကရေစီစနစ်ကို ပြည့်ဝစွာ ကျင့်သုံးသော အရပ်သားအစိုးရ အုပ်ချုပ်မှုခိုင်မာသော နိုင်ငံများတွင်ဆိုလျှင် စစ်တပ် ရဲနှင့် တခြားသော လုံခြုံရေးအဖွဲ့များသည် အစိုးရ (သို့) ပါတီတစ်ခုခု၏ ထိမ်းချုပ်မှုအောက်တွင် ရှိကြပြီး၊ အဆိုပါ အယူအဆကို ပင်လျှင် “စံနှုန်း” တစ်ခုအဖြစ်သတ်မှတ်ကြပေသည်။ သို့သော် ယခုကဲ့သို့ တော်လှန်ရေးကာလမျိုးတွင် စစ်ရေးအရ တဖက်ရန်သူနှင့် ယှဉ်ပြိုင်နေရသော အခြေအနေတစ်ခုအောက်တွင်ရှိနေပေရာ လိုအပ်ချက်နှင့် ဖြစ်နိုင်ခြေအရပါ နေရာတိုင်းတွင် အရပ်ဖက်ကြီးစိုးမှုကို ဖန်တီးရန်လည်း ခက်ခဲလှပါသည်။
သို့သော် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ ခေါင်းဆောင်များမှာ ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ်များပင်ဖြစ်နေလေရာ ခေါင်းဆောင်မှုပိုင်းတွင် အရပ်သားကြီးစိုးမှုကို ပုံဖော်ထားနိုင်ပြီဟူ၍လည်း ယူဆလို့ရနိုင်ပါသည် နောက် စစ်ပွဲကာလအတွင်း သတင်း ရိက္ခာနှင့် ထောက်ပို့လုပ်ငန်းများအတွက် “ပြည်သူ့စစ်”ပုံစံ ဖန်တီးထားခဲ့သော “ရက္ခိုင့်တပ်တော် အရံတပ်” Arakan Army Auxillary-AAAတို့သည်လည်း လက်ရှိ တော်လှန်ရေးလုပ်ငန်းများအတွက် အရေးကြီးသော အင်အားစုတစ်ခုအနေဖြင့် ရှိနေနိုင်ပေသည်။
တခြားတဖက်တွင် လက်ရှိ ရက္ခိုင်ပြည်တော်လှန်ရေးအခင်းအကျင်းအောက်တွင် ရက္ခိုင်ပြည်သူလူထုအား”နိုင်ငံရေးအရ ကိုယ်စားပြုမှု”ကို ဖော်ဆောင်ရန် မူဝါဒရေးရာနှင့် သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမူများပြုလုပ်နိုင်ရန် “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်” (United League of Arakan- ULA) ဟူသော အဖွဲ့အစည်းတစ်ခုကိုလည်း လွန်ခဲ့သော (၆) နှစ် ၂၀၁၉ကတည်းက ထူထောင်ခဲ့သည်ကို တွေ့ရပါသည်။ ထို့ကြောင့် ULA သည် “မူ”အရ ဆိုလျှင် ရက္ခိုင်ပြည််သူနှင့် အာရက္ခပြည်အား ကိုယ်စားပြုရန် ရည်ရွယ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းခိုင်မာရေးသည်လည်း “အာရက္ခအိမ်မက်”ကို ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အရေးကြီးလှပါသည်။
ထို့အပြင် လွန်ခဲ့သော (၂) နှစ်၊ ၂၀၂၀ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော “ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့”(Arakan People`s Authority- APA) သည် အုပ်ချုပ်ရေးနှင့် သက်ဆိုင်သောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင် အဆိုပါ အဖွဲ့အစည်းအား “ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့” ဟု သတင်းစာရှင်းလင်းပွဲများတွင် ခပ်စိတ်စိတ်ထည့်သွင်းသုံးနုန်းလာသည်ကိုလည်း တွေ့ရှိရပြီး ပြည်တွင်းနှင့် ပြည်ပရှိ အစိုးရအသီးသီးနှင့် တွေ့ဆုံရာတွင် “အစိုးရ-အစိုးရချင်း ဆက်ဆံရေး” (Government to Government Relations) များကို သေချာစွာထူထောင်နိုင်ရန် ပြောင်းလဲသုံးနုန်းလာပုံလည်းရပါသည်။ အဆိုပါ အစိုးရအဖွဲ့သည်ပင် အနာဂတ်တွင် တိုးတက်အောင်မြင်သော တိုင်းပြည်နိုင်ငံတစ်ခု ထူထောင်ရာတွင် ကျောရိုးတစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပြီး အရည်အချင်းနှင့် အရည်အသွေးပြည့်ဝသော အင်စတီကျူးရှင်းကြီးတစ်ခု ဖြစ်လာရန်လည်း လွန်စွာအရေးကြီးလှပါသည်။
ထို့ကြောင့် ပြန်လည်အနှစ်ချုပ်၍ “မူ”အရပြောရလျှင် “ရက္ခိုင့်တပ်တော်” သည် ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ အစည်းဖြစ်ပြီး၊ “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်”သည် နိုင်ငံရေးနှင့် မူဝါဒရေးရာ အတွက် အဓိက အဖွဲ့အစည်းဖြစ်သလို”ရက္ခိုင်ပြည်သူ့အစိုးရအဖွဲ့” သည် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ဆိုင်သော အဖွဲ့အစည်းဖြစ်ပါသည်။ သို့သော် လုပ်ငန်းဆောင်တာနှင့် ရည်ရွယ်ချက်ပိုင်းတွင် “မူ”အရ မည်မျှပင် ကွဲပြားမှု ရှိနေပါစေ လူသားအရင်းအမြစ်နှင့် ရုပ်ဝတ္တုပစ္စည်းပိုင်းဆိုင်ရာ အရင်းအမြစ် လိုအပ်ချက်များရှိနေပါက “တပ်တော်”၏ ကျားကန်ပေးမူဖြင့်သာ တခြားသော အဖွဲ့အစည်းများကို ဆက်လက်ထူထောင်နေမည့် သဘောလည်း ဖြစ်နေပြန်ပါသည်။
“လွယ်မယောင်နဲ့ ခက်သော ကိစ္စ”
ရက္ခိုင့်နိုင်ငံရေးနှင့် တော်လှန်ရေးလောကတွင် တခြား ဒေသများ လူမျိုးစုများနှင့် နိုင်းယှဥ်ကြည့်လိုက်ပါလျှင် တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်များသည် သက်တမ်းတိုလှသည်ကို တွေ့ရှိရပြီး သက်တမ်းရှည်ခဲ့ပါလျှင်လည်း တည်ဆောက်မူအားမကောင်း လူထုထောက်ခံမူကျဆင်းမူနှင့် ကြုံရသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် နိုင်ငံရေးလောက်ကထဲတွင် “ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်”ပါတီနှင့် တော်လှန်ရေးလောကတွင် “ရခိုင်ပြည်လွတ်မြောက်ရေးပါတီ” တို့ကို တွေ့ရှိနိုင်ပြီး တခြားသော သက်တမ်အနည်းငယ်အတွင်း ပြိုကွဲသွားကြသော တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများကိုလည်း သမိုင်းစာမျက်နှာများတွင် လွယ်ကူစွာနှင့် တွေ့နိုင်ပါသည်။
လက်ရှိ ၂၁ ရာစုတွင် အင်အားခိုင်မာစွာဖြင့် ရပ်တည်လာနိုင်သော “ရက္ခိုင့်တပ်တော်”သည် ဆယ်စုနှစ်တစ်ခုကို တိုးတက်မူများဖြင့် ကျော်ဖြတ်လာနိုင်ခဲ့ပြီး ပိုမိုခိုင်မာသော အဖွဲ့အစည်းဖြစ်ရန် တည်ဆောက်လျှက်ရှိသည်ကိုလည်း‌ တွေ့နေရပေသည်။
တနည်းအားဖြင့် လက်ရှိ ရက္ခိုင့်တော်လှန်ရေး နိုင်ငံရေးနှင့် အမျိုးသားရေးနယ်ပယ်ထဲတွင် လူထုထောက်ခံမူ၊ အသိအမှတ်ပြူမူ (legitimacy) အား အကောင်းဆုံးအဖွဲ့လည်း ဖြစ်နေသည်ကို တွေ့ရပါသည်။ တခြားသော “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်” နှင့် “ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့”တို့မှာ တည်ထောင်သည့် သက်တမ်းအားဖြင့် နုငယ်သေးသလို လူထုထောက်ခံမူအားဖြင့်ဆိုလျှင်လည်း “ရက္ခိုင့်တပ်တော်” ကဲ့သို့ ခိုင်ခိုင်မာမာ ရရှိနိုင်ရန် ကြိုးဖမ်းနေရဆဲလည်းဖြစ်ပါသည်။ ပြောရလျှင် လုပ်ဆောင်ရသော တာဝန်နှင့် ဖြတ်သန်းခဲ့ရသော တော်လှန်ရေးအခင်းအကျင်းများကြောင့်ပင် “ရက္ခိုင့်တပ်တော်” ဟူသော အဖွဲ့အစည်းတစ်ခုအနေဖြင့် လူထုကြားထဲတွင် “ချစ်ခင်အားကိုးလေးစားမှု”ကို ရရှိနိုင်ခဲ့ခြင်းလည်းဖြစ်ပြီး၊ နှင့် “နိုင်ငံရေး နှင့် အုပ်ချုပ်ရေး” ဆိုင်ရာ ရည်မှန်းချက်များအတွက် ထူထောင်ထားသော တခြားအဖွဲ့အစည်းနှစ်ခုမှာ “တပ်တော်”၏ လူထုထောက်ခံမူဖြင့် ကျားကန်ထူထောင်နေရသော သဘောလည်းဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ကာလအနည်းငယ်ထိဆိုလျှင် ရက္ခိုင်ပြည်သူလူထုအများစုကြီးမှာ “AA”ကိုသာ အဓိကသိရှိကြပြီး၊ ULA ကို ကြားဖူးရုံမျှသာ သိကြသည်ကိုလည်း တွေ့ရှိရပါသည်။ “အပြောသာများပြီး အလုပ်နည်းကြသော ရခိုင့်နိုင်ငံရေးဓလေ့စရိုက်နှင့်”စစ်ဖက်ဆိုင်ရာ တော်လှန်ရေးမရှိဘဲ နိုင်ငံတော် အိမ်မက်”မက်နေကြသော အခြေအနေတစ်ခုအောက်တွင် စစ်ရေးဆိုင်ရာအဖွဲ့အစည်းကို သေချာစွာထူထောင်ပြီး၊ နိုင်ငံရေးအဖွဲ့အစည်းဖွဲ့စည်းခြင်းသာလျှင် ပိုလက်တွေ့ကျသော လုပ်ငန်းစဉိဟု လက်ရှိ ရက္ခိုင့်တော်လှန်ရေးခေါင်းဆောင်များမှ ယူဆခဲ့ကြဟန်လည်းတူပါသည်။
စစ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော တပ်တော်၏ အဓိက တာဝန်သည် ပြင်ပရန်ကို တိုက်ထုတ်ကာကွယ်ရန်ဖြစ်သော်လည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သော အဆိုပါအဖွဲ့အစည်းနှစ်ခုမှာ လိုအပ်ချက်များအောက်တွင် ထိုက်တိုက်တိုးလုပ်ဆောင်ရသည်များလည်း ရှိလာနေပေသည်။
တနည်း “နိုင်ငံရေး””အုပ်ချုပ်ရေး” နှင့် “တည်ဆောက်ရေး” လုပ်ငန်းတို့သည် “တော်လှန်ရေး”နှင့် “တိုက်ထုတ်ရေး”လုပ်ငန်းတို့နှင့် သဘောသဘာဝကွဲပြားလှသလို၊ လွယ်မယောင်နဲ့ ခက်ခဲလှသည့် ကိစ္စများလည်း ဖြစ်ပါသည်။
နိဂုံးကောက်ချက်
လက်ရှိ “ရက္ခိုင့်တပ်တော်”သည် တိုတောင်းသောကာလအတွင်းတွင်ပင် “အာရက္ခလူ့အဖွဲ့အစည်း”အတွင်း၌ အင်အားအကောင်းဆုံးနှင့် အခိုင်မာဆုံးသော အမျိုးသားအင်စတီကျူးရှင်းကြီးအဖြစ် ရပ်တည်နိုင်ပြီး “အာရက္ခအိမ်မက်” ကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်ဖော်နိုင်ရန် တည်ဆောက်ရေးကို ဆက်လက်လုပ်ကိုင်နေသည်ကို မြင်တွေ့ရပါသည်။ တဖက်တွင် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်များဖြစ်သော “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်”နှင့် “ရက္ခိုင်ပြည်သူ့အစိုးရအဖွဲ့”တို့ကိုလည်း ပိုမိုခိုင်မာစွာတည်ဆောက်နိုင်မှ ရက္ခိုင့်တပ်တော်မှ အသက်၊ သွေး၊ ချွေး၊ ပေါင်းများစွာဖြင့် ဆွတ်ခူးထားသော စစ်ရေးအသီးအပွင့်များကို ပြည်သူများမှ ပြည့်ဝစွာ ခံစားနိုင်မည်လည်း ဖြစ်ပါသည်။ မိမိတို့ အိမ်နီးနားချင်း တိုင်းပြည်များကဲ့သို့ မဟုတ်ဘဲ၊ ပြည်သူချစ်သော “တပ်တော်”ကို တည်ဆောက်ရင်း ပြည်သူများမှ လေးစားအသိမှတ်ပြုသော “စစ်သည်”၊ “စစ်မယ်” များကို မွေးထုတ်ပေးရင်း၊ လက်ရှိကဲ့သို့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးခိုင်မာမူကို ခိုင်မာစွာ ဆက်လက်ထိမ်းသိန်းထားနိုင်ပြီး၊ ပြည်သူများ လိုလားသော “အနာဂတ် အာရက္ခတိုင်းပြည်”ကို အချိန်တိုအတွင်း အောင်မြင်စွာ ထူထောင်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း သုံးသပ်တင်ပြအပ်ပါသည်။
ဖော်ပြပါ ဆောင်းပါးမှာ ဆောင်းပါးရှင် “ဝိမလ” ၏ အာဘော်သာဖြစ်ပါသည်။
Ref: Western News-WN

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: