Pu Zo Tum Hmung Nih Yangon Chin Miphun Ni Ah Biarocah A Chimmi Bia

The Chinland Post| 2018 February 21| February 20, Yangon ah tuahmi Chin Miphun Ni ah Pu Zo Tum Hmung nih biarocah a chimmi bia Kawlca in kan rak in hrawmh hna. Reltlak cabia a si. Chin Miphun Ni hi zungkhar ni ah tuahpiak ding kong zong a chim.

Pu Zo Tum Hmung hi Ethnic Nationalities for Affairs Centre ah Executive Director a tuan liomi a si. Chin National Front (CNF) ah advisor a si. Chin Man of the Year voihnih a co bal cangmi a si. CYO, North America nih Chin Man of the Year thimnak an tuahnak ah committee lutlai a rak tuanpiak bal hna tiah kan theih.

(၇၀)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား
(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ရက်)
ရန်ကုန်မြို့

ဦးဇိုသုန်းမှုန်၏ မိန့်ခွန်း
ချစ်ခင်လေးစားအပ်တဲ့ ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီလူကြီးမင်းများနှင့် ချင်းညီအကိုမောင်နှမများ ခင်ဗျာ……
ယနေ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ဟာ (၇၀)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါတယ်။ ဒီကနေ့လိုမျိုး နေ့ထူးနေ့မြတ် အချိန်အခါသမယမှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့အတွက် ပထမဦးဆုံး ဘုရားသခင် ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျင်းပရေးကော်မတီများဖြစ်ကြတဲ့ All Chin Society, Yangon နှင့် Chin University Students, Yangon ခေါင်းဆောင်များကိုလည်း အထူးကျေးဇူးတင်ပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၀)ရက်နေ့မှာ ကျင်းပတဲ့ ချင်းအမျိုးသားညီလာခံမှာ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချင်းရေးရာဝန်ကြီး U Vuantu Maung ဦးဆောင်တဲ့ Chin Affairs Council ကနေ ၁၉၅၀ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့မှာ ဖေဖော်ဝါရီလ၊ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာ ပြည်သူလူထုထံကနေ ဆင်းသက်လာတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်။ ဒါကြောင့် ချင်းလူမျိုးများဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ၁၉၄၈ခုနှစ် ကတည်းက လိုလားတယ်ဆိုတာကို ထင်ဟပ်စေတယ်။

၁၉၅၁ ခုနှစ်၊ ပထမဦးဆုံး ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့မှာ ကျင်းပချိန်တွင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်တက်ရောက်ခဲ့တယ်။ ၁၉၅၉ ခုနှစ်၊ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အချိန်မှာလည်း နိုင်ငံတော်သမ္မတ စပ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်ခဲ့တယ်။ ဒီ့အပြင်၊ နိုင်ငံတကာ သံအမတ်တွေလည်း တက်ရောက် ခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ ချင်းအမျိုးသားနေ့ကို အစိုးရကနေ အသိအမှတ်ပြုတယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် ပိုပြီးတော့ အရေးကြီးတဲ့အရာက ချင်း အမျိုးသားနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ၊(၂၀)ရက်နေ့ကို နိုင်ငံတော် တရားဝင်ရုံးပိတ်ရက်အနေနဲ့ မသတ်မှတ်နိုင်ခဲ့သေးပါဘူး။ တရားဝင်ရုံးပိတ်ရက်ဖြစ်ရန် ချင်းလူမျိုးအားလုံး အနေနဲ့ ကြိုးစားဖို့ နှိုးဆော်အပ်ပါတယ်။

ဒီကနေ့လိုမျိုး နေ့ထူးနေ့မြတ်ဖြစ်တဲ့ ချင်းအမျိုးသားနေ့မှာ ချင်းလူမျိုးတစ်ဦးအနေနဲ့ ပြည်ထောင်စု ဘယ်လိုတည်ဆောက်မလဲဆိုတာကို စဉ်းစားစေချင်တယ်။ တနည်းနဲ့ပြောရမယ်ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လိုထူထောင်မလဲ ဆိုတဲ့အရာ စဉ်းစားဖို့လိုပါတယ်။ ၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလ၊ (၁၃)ရက်နေ့မှာ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရတ်တစ်ယူနီယံတို့မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ပါတယ် “ယနေ့ကမ္ဘာမှာ နိုင်ငံအားလုံးအတွက် အံ့ဝင်ဂွင်ကျဖြစ်စေမယ့် တစ်ခုတည်းသော ဖက်ဒရယ်စနစ်ဆိုတာ မရှိပါဘူး။ သူ့နိုင်ငံ၊ သူ့သမိုင်း၊ သူ့လူ့အဖွဲ့အစည်းပေါ် မူတည်ပြီး လိုက်လျောညီထွေ ပြုပြင်တည်ဆောက် ကြရတာဖြစ်ပါတယ်။” ဒါဟာ အင်မတန်ကောင်းတဲ့အချက်ပါပဲ။ ဖက်ဒရယ်ဆိုတာက သူ့သမိုင်းနှင့် သူ့လူ့အဖွဲ့အစည်းကို အခြေခံသင့်တယ်။ ကျနော်တို့သမိုင်းက ပင်လုံစာချုပ် အပေါ်မှာပဲ အခြေခံ ထားတယ်။

ဗြိတိသျှအစိုးရက ချင်းလူမျိုးများကို ၁၈၉၆ ချင်းတောင်တန်း အက်ဥပဒေ (1896 Chin Hills Regulations) ဖြင့် ၄င်း၊ ကချင်လူမျိုးများကို ၁၈၉၅ ကချင်တောင်တန်းလူမျိုးစုများ အက်ဥပဒေ (1895 Kachin Hill-Tribes Regulations) ဖြင့် ၄င်း။ ရှမ်းလူမျိုးများကို ၁၉၂၂ ရှမ်းပြည် ဖက်ဒရေ အက်ဥပဒေ (1922 Federated Shan States Act) ဖြင့် ၄င်း၊ ဗမာပြည်မ (Burma Proper)ကို 1935 Burma Act ဖြင့် ၄င်း သီးခြားစီ အုပ်ချုပ်ခဲ့ပါတယ်။ ၄င်းနယ်(၄)နယ်မြေဟာ ဗြိတိသျှကိုလိုနီခေတ် မတိုင်ခင်မှာ သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြတဲ့ နယ်မြေများဖြစ်ပြီး၊ သီးခြားလူမျိုးများလည်း ဖြစ်ကြပါတယ်။ လွတ်လပ်ရေးရပြီးတော့ သီးခြားစီအုပ်ချုပ်လာခဲ့တဲ့ အဲဒီနယ်မြေများက အတူတကွ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့အတွက်ကြောင့်ပဲ ပြည်ထောင်စုဆိုတာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်သာ မရှိခဲ့ဘူးဆိုရင် ပြည်ထောင်စုဆိုတာလည်း ပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိပါဘူး။

ပင်လုံစာချုပ်အရ ဖွဲ့စည်းသင့်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်မှာဆိုရင် ပြည်နယ် အာဏာဟာ ဗဟိုကနေ မျှဝေတဲ့ အာဏာမျိုးမဖြစ်သင့်ဘူး၊ ခွဲဝေပေးတာမျိုးလည်း မဖြစ်သင့်ဘူး၊ လျော့ချတာမျိုးလည်း မဖြစ်သင့်ဘူး။ အဲဒီနယ်မြေတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိ ထားပြီးသား ဖြစ်ပါတယ်။ ပြည်ထောင်စုအာဏာဆိုတာလည်း ၄င်းနယ်(၄)နယ်မြေကနေ ဆင်းသက်လာတဲ့ အာဏာဖြစ်သင့်တယ်။

ပင်လုံစာချုပ်မတိုင်ခင် ဦးအောင်ဆန်းက နှုတ်ကတိကဝတ်များပေးခဲ့ပါတယ်။ ဥပမာတစ်ခု ပြောရမယ်ဆိုရင် ဒုတိယအကြိမ်ပင်လုံမတိုင်ခင် ဦးအောင်ဆန်းက မိန့်ခွန်းပြောကြားခဲ့တဲ့အခါမှာ ” တောင်တန်း ပြည်သူတွေက မိမိတို့ကိုယ်ပိုင် နယ်မြေတွေမှာ မိမိတို့ကိုယ်ပိုင် အုပ်ချုပ်မယ်၊ ကိုယ်ပိုင်အုပ်ချုပ်တဲ့ နယ်မြေအတွင်းရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ဗမာလူမျိုးများက ဝင်ရောက် စွက်ဖက်မည် မဟုတ်ဘူး ဆိုပြီးတော့ ပြောကြားခဲ့တယ်။” ဒီ ဦးအောင်ဆန်းမိန့်ခွန်းကို Joseph Silverstein က The Political Legacy of Aung San ဆိုတဲ့စာအုပ်ထဲမှာ အဲဒီလိုရေးထားပါတယ်။

ဖက်ဒရယ်အနှစ်သာရက ဦးအောင်ဆန်းပြောတဲ့အရာထဲမှာ ပါသွားပါတယ်။ ဖက်ဒရယ်အစိုးရ သို့မဟုတ် ပြည်ထောင်စုဆိုတာ မတူကွဲပြားတဲ့ ဒေသအသီးသီးတွေက ပေါင်းစည်းထားတာ ဖြစ်တဲ့အတွက် အားလုံးပိုင်ဆိုင်တဲ့ ပြည်ထောင်စု ဖြစ်ပါတယ်။ တနည်းနဲ့ ပြောရမယ်ဆိုရင် တူတာတွဲလုပ်မယ်၊ မတူတာခွဲလုပ်မယ်။ တစ်ဖက်နဲ့တစ်ဖက် ဝင်မစွက်ဖက်ရဘူးဆိုတဲ့ အယူအဆပေါ်မှာ အခြေခံပါတယ်။

နောက်တစ်ဆင့် စဉ်းစားဖို့လိုတာက ဖက်ဒရယ်အစိုးရမှာ ဘာအာဏာတွေ ထားမလဲဆိုတာ အရေးကြီးတယ်။ ကျနော့အနေနဲ့ကတော့ တောင်ကြီးညီလာခံရဲ့ ဆုံဖြတ်ချက်နံပါတ်(၆)ဟာ ယနေ့အတွက် အသင့်တော်ဆုံးဖြစ်မယ်လို့ ယူဆပါတယ်။ ဆုံးဖြတ်ချက် နံပါတ်(၆)မှာ ဘယ်လို ရေးထားသလဲဆိုတော့ ၁) နိုင်ငံခြားဆက်သွယ်ရေး၊ ၂) ကာကွယ်ရေး၊ ၃) ငွေစက္ကူနှင့် ငွေဒင်္ဂါး ထုတ်လုပ်ရေး၊ ၄) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး၊ ၅) မီးရထားနှင့်လေကြောင်းဆက်သွယ်ရေး၊ ၆) ဆိပ်ကမ်းခွန် ကောက်ခံရေး၊ ၇) ပြည်ထောင်စုဘဏ္ဍာရေး၊ ၈) ပြည်ထောင်စုတရားစီရင်ရေး စတဲ့ အထက်ပါဌာနများကို ပြည်ထောင်စု ဌာနများအဖြစ် သတ်မှတ်ထားမယ်လို့ ရေးသားထားတယ်။

တောင်ကြီးညီလာခံ ဆုံးဖြတ်ချက် နံပါတ်-(၇)ဟာလည်း အသင့်တော်ဆုံးဖြစ်မယ်လို့ ယူဆပါတယ်။ ဆုံးဖြတ်ချက် နံပါတ်(၇)- ပြည်နယ်များအားလုံးသည် (Complete Autonomy) လုံးဝကိုယ်ပိုင် အုပ်ချုပ်ရေး ရှိကြမည်။ ပြည်နယ် အချင်းချင်းက သော်၎င်း၊ ပြည်ထောင်စုကသော်၎င်း ပြည်နယ်အတွင်းရေး ကိစ္စများတွင် ဝင်ရောက် စွက်ဖက်နိုင်ခွင့် မရှိစေရ၊ ပြည်နယ်အုပ်ချုပ်ရေး အကြီးအမှူးများကို ပြည်နယ်သမ္မတများဟု ခေါ်တွင်စေမည်။

အဲဒီဆုံးဖြတ်ချက်နံပါတ်-(၆နှင့်၇)ဟာ ဖက်ဒရယ်ရဲ့အင်္ဂါရပ်များဖြစ်တဲ့အတွက် အလေးအနက် စဉ်စားဖို့ထပ်မံ တိုက်တွန်းအပ်ပါတယ်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတဲ့ ဖက်ဒရယ်နိုင်ငံ အကြောင်းကို လေ့လာပြီး၊ သင်ခန်းစာ မယူဘူးဆိုရင် ကောင်းမွန်တဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်နိုင်မယ်လို့ ကျနော်မယူဆပါဘူး။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကို ကြည့်မယ်ဆိုရင် သူတို့နိုင်ငံမှာ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေအသီးသီး ရှိကြပါတယ်။ သူတို့ပြည်နယ်ပြည်သူတွေက ရွေးချယ်တဲ့ ပြည်နယ်အစိုးရကပဲ တိုက်ရိုက်အုပ်ချုပ်ပါတယ်။ ဗဟိုအစိုးရ သို့မဟုတ် ဖက်ဒရယ်အစိုးရက ပြည်နယ် အရေးကို ဝင်မစွက်ဖက်ပါဘူး။ အမေရိကန်သမ္မတ Donald Trump က ဘာပြောနေလဲဆိုရင် မြောက်ကိုးရီးယား အကြောင်း၊ Israel အကြောင်းပြောတယ်၊ ဒါတွေက ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ ကိစ္စတွေဖြစ်ပါတယ်။ အခွန်ကိစ္စ အကြောင်းလည်း ပြောတယ်၊ ဒါက ဖက်ဒရယ်ဘဏ္ဍာရေးဆိုင်ရာ ဖြစ်ပါတယ်။ ပြည်နယ်အရေးနဲ့ ပတ်သတ်ပြီး ပြောတဲ့ဟာ ဘာမှ မကြားရပါဘူး။ ပြည်သူလူထုကရွေးချယ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှုးကပဲ အုပ်ချုပ်ပါတယ်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြမယ်ဆိုရင် ဒါတွေက သင်ခန်းစာ ယူစရာကောင်းတဲ့ ဥပမာကောင်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ ပြည်ထောင်စုနေ့မှာ နိုင်ငံတော်သမ္မတက (၂၁)ရာစု ပင်လုံညီလာခံ၏ ဒုတိယအကြိမ် အစည်းအဝေးတုန်းက ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ(၃၇)ချက်ကို သဘောတူညီချက် ရရှိခဲ့ပြီလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အလားတူပဲ နောက်တစ်ရက်နေ့ဖြစ်တဲ့ (NCA)စာချုပ်ချုပ်ဆိုတဲ့ (၁၃)ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရလဒ်ကောင်း အနေနဲ့ (၃၇)ချက်ကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာတဲ့နည်းလမ်းက ကောင်းမွန်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ(၃၇)ချက်မှာ ဖက်ဒရယ်အစိုးရမှာ ထားသင့်တဲ့ အာဏာများ မတွေ့ရပါဘူး။ ဖက်ဒရယ်အစိုးရမှာ ဘယ်အာဏာတွေ ထားရမယ်ဆိုတာ (၂၁)ရာစုပင်လုံညီလာခံမှာ ဆုံးဖြတ်ချက်ချဖို့လိုတယ်၊ အဲဒီလို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တောင်ကြီးညီလာခံဆုံးဖြတ်ချက် နံပါတ်(၆နှင့်၇)အတိုင်းလိုပဲ ရှင်းရှင်း လင်းလင်း ရှိဖို့လိုပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့လို နေ့ထူးနေ့မြတ်ဖြစ်တဲ့ ချင်းအမျိုးသားနေ့မှာ ပင်လုံစာချုပ်ရဲ့ ကတိကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်နဲ့ ဆက်နွယ်တဲ့ တောင်ကြီးညီလာခံ ဆုံးဖြတ်ချက်-နံပါတ်(၆နှင့်၇) အချက်များကို ပြန်လည်သတိရဖို့ အလေးအနက် ပြောလိုပါတယ်။ အောင်မြင်မှု ပန်းတိုင် ရောက်ဖို့ဆိုရင် ချင်းလူမျိုးတိုင်းမှာ တာဝန်ရှိတယ်။ ပင်လုံစာချုပ်ရဲ့ သမိုင်းပေးတာဝန် ဖြစ်တယ်။ ဒီအောင်မြင်မှုပန်းတိုင် ရောက်နိုင်ဖို့ ကျနော်တို့ချင်းလူမျိုးများအားလုံး စည်းစည်းလုံးလုံး ကြိုးပမ်းဖို့ လိုအပ်ကြောင်း အလေးအနက် တိုက်တွန်းလိုပါတယ်။

အခုလိုဒီနေ့ချင်းအမျိုးသားနေ့ကို စည်းစည်းလုံးလုံး ကျင်းပပြီး၊ ကျနော့်ကို မိန့်ခွန်းပြောကြားခွင့် ပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ချင်းလူမျိုးများအပေါ်မှာ ဘုရားသခင် သာ၍ကောင်းချီးပေးပါစေ၊ ကျေးဇူးတင်ပါတယ်။

Note: A cunglei cabia hi Pu Zo Tum Hmung nih 2018 February 20, Yangon ah tuahmi Chin Miphun Ni caanhmannak ah a chimmi (speech) bia a si.

Leave a Commnet

%d bloggers like this: