ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၆)+(၇)

0

ဆလိုင်းအိုက်ဇက်ခင်| ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၆)
၆၊ ဇန်န၀ါရီလ ၂၀၁၉

ချင်းလူမျိုးအဖြစ်သတ်မှတ်ခြင်းနှင့်ပါတ်သက်၍ နည်းလမ်း (၂) ခုကို တွေ့ရသည်။ ပထမတစ်ခုမှာ အင်္ဂလိပ်အစိုးရလက်ထက် ချင်းတောင်များဒေသအုပ်ချုပ်စီမံမှုပြုရာတွင် ချင်းလူမျိုးဟူသောအခေါ် အဝေါ်ကို အဓိပ္ဗါယ်ဖွင့်ဆိုခြင်း နည်းလမ်းဖြစ်ပြီး၊ ဒုတိယနည်းလမ်းမှာ ၂၀၁၄ ခုနှစ် အိမ်နှင့်လူဦးရေ အကြောင်းအရာပါသန်းခေါင်စာရင်းကောက် ယူစဉ်က ချင်းတိုင်းရင်းသားပညာရှင်များက အချိန်ယူ ညှိနှိုင်းဖေါ်ထုတ်အသုံးပြုသည့်နည်းလမ်းတို့ဖြစ်သည်။

၁၈၉၆ ခုနုစ် အင်္ဂလိပ်အစိုးရ ထုတ်ပြန်သည့် ချင်းတောင်တန်းများစည်းမျဉ်း (The Chin Hills Regulation, 1896) ပုဒ်မ (၂) ပုဒ်မခွဲ (၃) ပါ အဓိပ္ဗါယ်ဖွင့်ဆိုချက်အရ ချင်း ဟုဆိုရာတွင် (က) လူရှိုင်းများ (ခ) ကူကီးများ (ဂ) ချင်းတောင်များတွင် အိုးအိမ်အခြေတကျနေထိုင်သည့် ဗမာများနှင့် (ဃ) ချင်းတောင်များတွင် အစဉ်အဆက် ဌာနေပြုနေထိုင်လာခဲ့ကြပြီး ချင်းလူမျိုးများ၏ ဘာသာစကား နှင့် ယဉ်ကျေးမှုများကို ကျင့်သုံးသည့်မည်သူမဆို… ပါဝင်ကြောင်း ဖော်ပြထားသည်။

၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Special Division Act, 1948) ပုဒ်မ (၂)၊ ပုဒ်မခွဲ (၄) တွင် ပါရှိသော အဓိပ္ဗါယ်ဖွင့်ဆိုချက်အရ ချင်းလူမျိုးဟု ဆိုရာတွင် (က) လူရှိုင်းများ၊ (ခ) ကူကီးများ (ဂ) နာဂများ (ဃ) ချင်းတောင်များတွင် အိုးအိမ်အခြေတကျနေထိုင်သည့် ဗမာလူမျိုးများ နှင့် (င) ဆက်စပ်နယ်မြေများတွင်နေထိုင် သည့် ချင်းလူမျိုးများပါဝင်သည်ဟုဖော်ပြထားသည်။ [၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်းအက်ဥပဒေသည် ယနေ့ထိ သက်ဝင် အာဏာတည်ဆဲဖြစ်သည်]။
၁၈၉၆ ခုနှစ် ပြဌာန်းဖော်ပြချက်နှင့် ၁၉၄၈ ခုနှစ် ပြဌာန်းဖေါ်ပြချက်နှစ်ခုကြား ခြားနားမှုများစွာ မရှိလှ ပေ။ သို့သော် ထူးခြားချက်မှာ ပြဌာန်းချက်နှစ်ခုစလုံးတွင် ချင်းတောင်များတွင် အိုးအိမ်အခြေတကျနေ ထိုင်သော ဗမာလူမျိုးများ (Burman) ကိုလည်း ချင်းစာရင်းတွင် ထည့်သွင်းနိုင်သည် (သို့မဟုတ်) ထည့်သွင်းရမည်ဟု ကောက်ချက်ဆွဲနိုင်သည့် အခင်းအကျင်းဖြစ်သည်။ မိမိကိုယ်ကို ဗမာ (Burman) ဟု ခံယူပြီး ချင်းတောင်တွင် အစဉ်အဆက် အိုးအိမ် အခြေတကျနေထိုင်သူဖြစ်လျင် ချင်းဖြစ်ခွင့်ကို ဥပဒေအရခံစားပိုင်ခွင့်ရှိသည် သို့မဟုတ် ၎င်းတို့အား ချင်းအဖြစ် သတ်မှတ်နိုင်သည်ဟုအဓိပ္ဗါယ်ထွက် ပါသည်။

သို့ဖြစ်လျင် ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်းအက်ဥပဒေပါပြဌာန်းချက်အရ ချင်းလူမျိုးဆိုသည်မှာ ချင်းမျိုးနွယ်စု ဘာသာစကားတစ်ခုခုကိုပြောဆိုပြီး၊ ချင်းမျိုးနွယ်စုရိုးရာယဉ်ကျေးမှုတစ်ခုခုကို ကျင့်သုံးနေသူများနှင့် ဥပဒေအရ ချင်းပြုခွင့်ရရှိသူများဟူ၍ နှစ်မျိုးရှိနိုင်ကြောင်း သတိပြုမိပါသည်။
စစ်အစိုးရလက်ထက် ရေတွက်ခဲ့သည့် ချင်းလူမျိုးအရေအတွက်များထဲတွင် နာဂမျိုးနွယ်စုများ၊ မေထေး (ကသည်း) နှင့် နေပါလီမျိုးနွယ် စုဝင်အချို့ကို ချင်းစာရင်းတွင် ထည့်သွင်းထားခဲ့ခြင်းက စိတ်ဝင်စားဖွယ်ဖြစ်သကဲ့သို့၊ ချင်းပြည်နယ်တွင်နေထိုင် လျှက်ရှိသည့် လင်ဘူအစရှိသော နေပါလီလူ မျိုးစုများအနေဖြင့် ၎င်းတို့ကိုယ်ကို၎င်းတို့ ချင်းအဖြစ်လိုလိုလားလား ခံယူနေခြင်းက ကျိုးကြောင်း ဆီလျော်မှုရှိကြောင်း သတိပြုမိပါသည်။

မေထေး (ကသည်း) နှင့် ချင်းပြည်နယ်တွင်နေထိုင်သည့် နေပါလီမျိုးနွယ်စုဝင်များက ၎င်းတို့ကို် ချင်းအစုအစည်း ထဲ၌ ရေတွက်ဝင်ရန် လိုလားကြသော်လည်း၊ နာဂများကမူ ၎င်းတို့အနေဖြင့် ချင်းလူမျိုး မဟုတ်ကြောင်း၊ ၎င်းတို့ အား ချင်းအစုထဲတွင် ထည့်သွင်းရေတွက်ပေးခြင်း မပြုပေးပါရန် သဘောထားထုတ်ပြန်ခဲ့ဖူးပါသည်။
ဆလိုင်းအိုက်ဇက်ခင်


ချင်းပြည်နယ်၊ ချင်းလူမျိုး – ယခင်၊ ယခုနှင့် မနက်ဖြန် (၇)

၇၊ ဇန်န၀ါရီလ ၂၀၁၉
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေသန်းခေါင်စာရင်းကောက်ယူသောအခါ သန်းခေါင်စာရင်းကော်မရှင်မှ အသုံးပြု သည့် ကုတ်အမှတ်စဉ်ပေးခြင်းနှင့်ပတ်သက်၍ ချင်းလူမျိုးများအပါအ၀င် ဗမာ မဟုတ်သော တိုင်းရင်းသားများ ကြားတွင် နားလည်မှုလွဲမှားခြင်းကြောင့် စိုးရိမ်မှုများပေါ်ပေါက်လာသဖြင့်၊ချင်းလူမျိုး များကိုယ်စား ဗဟိုသန်းခေါင် စာရင်းကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်အဖြေရှာရန်ရည်ရွယ်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်း အမျိုးသားအထောက် အကူပြုကော်မတီ (CNACC) ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီ၏ ကမကတပြုဦးဆောင်မှုဖြင့် ချင်းပြည်နယ်အတွင်းနှင့် အပြင် မြန်မာနိုင်ငံတလွှား ဆွေးနွေးတိုင်ပင်မှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သည့်ပြင် ပြည်တွင်း၊ ပြည်ပ ပညာရှင် များအား ဖိတ်ခေါ်ကာ အကြံဥာဏ်များရယူပြီး ချင်း ဆိုတာဘယ်သူတွေလဲ၊ ချင်းလူမျိုး နွယ်စုများ ဘယ်လောက်ရှိသလဲ ဟူသော မေးခွန်းကို ဖြေရန် ကြိုးစားခဲ့ပါသည်။

(၂) နှစ် နီးပါး အချိန်ယူဆောင်ရွက်ခဲ့ခြင်း၏ ရလာဒ်အဖြစ် ချင်းလူမျိုးအဖြစ် သတ်မှတ်နိုင်ရန်အတွက် စံနှုန်း (၃)ခု ရရှိခဲ့ပါသည်။ ၎င်းတို့မှာ ဘာသာစကားရင်းမြစ်တူညီနီးစပ်မှု (linguistically) ၊ ယဉ်ကျေး မှုဓလေ့ထုံးစံတူညီ ဆက်နွယ်မှု (culturally) နှင့် ဆင်းသက်ရွှေ့ပြောင်းလာပုံနှင့် လက်ရှိနေထိုင်ရာ ဒေသ တူညီထိစပ်မှု (migration) စသည်တို့ဖြစ်သည်။ ယင်းပေတံ (၃) ချောင်းကို အသုံးပြု၍ စစ်အစိုး ရလက်ထက် ရေးသားရေတွက်ခဲ့သော ချင်းလူမျိုး (၅၃) မျိုးအပေါ် ဓမ္မဒိဌာန်ကျကျ တစ်စုချင်း၊ တစ်ဖွဲ့ ချင်းအလိုက် စိစစ်သောအခါ ချင်း (၅၃) မျိုးဟု ဖေါ်ပြသည့် အရေအတွက်တွင် ချင်းနှင့် ချင်း မဟုတ် သော လူမျိုးစုများဟူ၍ ရရှိခဲ့သည်။

ဘာသာဗေဒပညာရှင်များ၏ သုတေသနပြုတွေ့ရှိချက်များအရ ချင်းလူမျိုးစုဝင်ဖြစ်ကြောင်း ဖော်ထုတ် ရရှိသည့် မျိုးနွယ်စုများအချင်းချင်းကြားတွင် အနည်းဆုံး ၃၅% မှ ၉၅% ထိဘာသာစကားရင်းမြစ် တူညီသူများ ဖြစ်ကြောင်း တွေ့ရသည်။ ချင်းလူမျိုးအတွင်း ထပ်မံအုပ်စုခွဲကြည့်သောအခါ ဘာသာ စကားရင်းမြစ်နီးစပ်သော အုပ်စုကြီး (၅+၂) ရှိကြောင်း (၅ ခုထက်မနည်း၊ ၇ ခုထက် မပို) တွေ့ရှိရ သည်။ ဘာသာစကားရင်းမြစ်နီးစပ်သောအုပ်စုကြီး (၅) ခုမှာ (CNACC ၏ နယ်မြေအလိုက်အဆင့်ဆင့် ဆွေးနွေးဖော် ထုတ်ရရှိချက်နှင့် ဝေါဟာရအသုံးအနှုန်းအရ) ဇိုမီး (Zomi)၊ လိုင်မီး (Laimi)၊ ချိုး (K’cho)၊ ခူမီး (Khumi) နှင့် အရှို (Asho) တို့ဖြစ်သည်။

ထပ်မံ၍ ဇိုမီးအုပ်စုတွင် အနည်းဆုံးမျိုးနွယ်စု (၁၀) ခု၊ လိုင်မီးအုပ်စုတွင် အနည်းဆုံးမျိုးနွယ်စု (၁၉) စု၊ ချိုးအုပ်စုတွင် အနည်းဆုံးမျိုးနွယ်စု (၆) စု မှ (၇) စုထိ၊ ခူမီးအုပ်စု တွင် အနည်းဆုံးမျိုးနွယ်စု (၄) စု မှ (၈) စုထိ နှင့် အရှိုအုပ်စုတွင် အနည်းဆုံးမျိုးတူစု (၅) စု မှ (၉) စု ထပ်မံပါဝင်ကြောင်း ဖော်ထုတ်ရရှိ ခဲ့သည်။ ဘာသာစကား ထူးခြားစွာ တည်ရှိချက်အရ နောက်ထပ်ဘာသာစကားနီးစပ်သည့်အုပ်စုနှစ် ခုမှာ မြို (လောင်းဟူ)-ခေါင်စို- အနူး (Mru-Hkongso-Anu) ဘာသာစကားအစုနှင့် မာရာ-လောက်တူ-ဇိုတုန် (Mara-Lautu-Zotung) ဘာသာစကား အစုတို့ ဖြစ်ကြောင်းတွေ့ရသည်။

ချင်းအမည် (၅၃) မျိုးကို စိစစ်သောအခါ မျိုးနွယ်စုအမည်စာရင်း (၆) ခုသည် ချင်းလူမျိုးနွယ်စုများ မဟုတ်။ (၃) ခုသည် မည်သည့်မျိုးနွယ်စုအမည်များ မဟုတ်။ (၃၁) ခုသည် ချင်း မျိုးနွယ်စုအမည် များဖြစ်သော်လည်း လွဲမှားစွာ စာလုံးပေါင်းထားသည်။ (၁) ခု သည် ချင်းမျိုးနွယ်စုအမည်ဖြစ် သော်လည်း မျိုးနွယ်စု (၂) ခု၏အမည်ကို ပေါင်း၍ ရေးထားသည်။ (၆) ခုသည် ချင်းမျိုးနွယ်စုအမည် များဖြစ်သော်လည်း နှစ်ကြိမ်စီ အရေးအသားနှစ်မျိုးဖြင့် ရေးထားသည်။ (၈) ခုမှာ ချင်းလူမျိုးအမည် ဖြစ်ပြီး မှန်မှန်ကန်ကန် စာလုံးပေါင်းရေးထားသော်လည်း မျိုးနွယ်အုပ်စု (tribal group)၊ မျိုးနွယ်စု (clan) နှင့် ဖသားစု (family) အမည်များကို ရောထွေးကာ ဖော်ပြထားသည်။ (၂) ခုမှာ ချင်းမျိုးနွယ်စု ၀င်များဖြစ်သော်လည်း အခြားတိုင်းရင်းသားလူမျိုးတစ်ခု အောက်တွင်ပါ ထပ်မံထည့်သွင်း ဖော်ပြထား ကြောင်း စိစစ်တွေ့ရှိခဲ့သည်။ ထို့ကြောင့် ချင်း ဆိုလျင် လူမျိုးတစ်မျိုးတည်းသာဖြစ်ပြီး၊ ချင်း (၅၃) မျိုး ဟုရေတွက်လျင် မှားယွင်းကြောင်း တွေ့ရှိရပါသည်။
ဆလိုင်းအိုက်ဇက်ခင်

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: