ချင်းပြည်နယ် လက်ဦးကျောင်းဆရာ/မ များနှင့် ဆရာ Rel Lian ၏အကြောင်း

0

Saya Rellian a si. / Van Cung Lian UK

 နိဒါန်း – ချင်းပြည်နယ်အတွင်း စာပေပညာရေးနှင့်အသိပညာတိုးပွားစေသော ကျောင်းများ စတင်ရှိလာခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော်သာ ရှိသေးသည်။ ဖလမ်းမြို့တွင် စာသင်ကျောင်း တည်ရှိခြင်း နှစ်တစ်ရာပြည့်အထိမ်းအမှတ်သဘင်ကိုလည်း ၂၀၀၆ ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။ ချင်းပြည်နယ်တွင်ရှိသော စာပေကညာရေး နှင့် ကျောင်းများမှာ ဗြိတိသျှအစိုးရမှ ချင်းပြည်နယ်ကို အုပ်စိုးသောအချိန်နှင့် အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြုအဖွဲ့ (American Baptist Mission – ABM)တို့ လာရောက်သောအချိန်နောက်ပိုင်းတွင်မှသာ ရှိလာခဲ့ခြင်းဖြစ်သည်။ စာပေပညာရေးနှင့် စာသင်ကျောင်းများ ရှိလာသောအချိန်အစပိုင်းတွင်မူ စာသင်ပေးခဲ့သော ဆရာများမှာ အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြုဆရာများ၊ ၎င်းတို့အား ကူညီပေးခဲ့သော ကရင်သာသနာပြု ဆရာများနှင့် ဗြိတိသျှအစိုးရတို့မှခန့်ထားသော ကျောင်းဆရာများဖြစ်ကြသည်။ သူတို့၏ စတင် ကြိုးပမ်းအားထုတ်မှုကြောင့်သာ ချင်းလူမျိုးတို့သည် (အထူးသဖြင့်မြောက်ပိုင်းချင်း) အသိပညာဗဟုသုတများ တဖြည်းဖြည်း ဖွံဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်မူ ချင်းလူမျိုးများထဲတွင် နိုင်ငံတကာအဆင့်အတန်းအထိ ပညာသင်ကြားပေးသော ဆရာများနှင့် ပညာတတ်များလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဤကဲ့သို့အခြေအနေထိ ရောက်ရှိနိုင်ခဲ့ခြင်းမှာ နှစ်ခြင်းခရစ်ယာန်သာသနာပြုဆရာများ နှင့် ချင်းလူမျိုးများထဲမှ ရှေးဦးယုံကြည်သူ၊ ပညာတတ်သူများ၏ အမွေအနှစ်ကောင်းများဟု တင်စားပြောဆိုရလျှင် မှားအံ့မထင်။ ထို့ကြောင့် ကျွန်ုပ်အနေဖြင့် ထိုကဲ့သို့ ဥာဏ်ပညာအမြော်အမြင်ကြီးသော ကျွန်ုပ်တို့ လူမျိုး၏ ဘိုးဘေးများအကြောင်းအား     ဤဆောင်းပါးတွင် အနည်းငယ်တင်ပြလိုပါသည်။ ဤဆောင်းပါးတွင်မူ ချင်းလူမျိုးများထဲမှ လက်ဦးဆရာတစ်ဦးဖြစ်သူ၊  မိဘမဲ့ကလေးဘ၀ဖြင့် ကျောင်းဆရာဖြစ်ခဲ့ရသော ဆရာ Rel Lian ၏ အကြောင်းအား ရေးသားလိုပါသည်။

ချင်းပြည်နယ်၏ ပထမဆုံးသော ချင်းကျောင်းဆရာ၊ ဆရာမများ

ဆရာ Rel Lian အကြောင်း မတင်ပြမီတွင် ချင်းပြည်နယ်၏ ပထမဦးဆုံးသော ကျောင်းဆရာ၊ မ များ အကြောင်း တင်ပြလိုပါသည်။ ဖလမ်းမြို့ နှစ်တစ်ရာပြည့်မဂ္ဂဇင်း (၁၈၉၂-၁၉၉၂) ထဲမှ U F. Tuah Kap နှင့်  U Suan Khan Mang တို့စုစည်းတင်ပြသော၊ အနှစ်တစ်ရာအတွင်း ချင်းပြည်နယ်၏ စာပေနှင့် ပညာရေးတိုးတက်မှုဖြစ်စဉ် ထဲတွင် ပထမဦးဆုံးသော ချင်းအမျိုးသမီးကျောင်းဆရာမမှာ Daw Khuang Sung (1922) ဖြစ်သည်ဟု တွေ့ရှိရသည်။   ဤအကြောင်းအား အငြိမ်းစားကျောင်းဆရာကြီးများထံသို့ စုံစမ်းမေးမြန်းကြည့်သော် Daw Khuang Sung သည် တစ်ချိန်က တာရွှန်းတိုက်သူကြီး ဦးဗန်မှုန်း (K.S.M, A.T.M, T.D.M) ၏သမီးအကြီးဆုံးဖြစ်ပြီး တာရွှန်းရွာရှိ မိန်းကလေးကျောင်းတွင် ကျောင်းဆရာမလုပ်ခဲ့ခြင်းဖြစ်မည်ဟု ယူဆထားကြသည်။ ထိုကျောင်းစတင်ဖွင့်လှစ်ခဲ့သော စာသင်နှစ်တွင် ပညာသင်ကြားခဲ့သော Dr.Saw Ling ၏မိခင် Pi Siah Tung (၉၉ နှစ်) အား ကျွန်ုပ်မေးမြန်းကြည့်သောအခါ သူမကျောင်းတက်သောနှစ်တွင်မူ Daw Khuang Sung သည် ကွယ်လွန်နေပြီ ဖြစ်ကြောင်း ကျွန်ုပ်အားပြောပြခဲ့သည်။ တာရွှန်းတိုက်သူကြီး ဦးဗန်မှုန်း ၏ သားစဉ်မြေးဆက်တို့က Daw Khuang Sung သည် ၁၉၂၂ ခုနှစ်တွင် ဖလမ်းအလယ်တန်းကျောင်းမှ သတ္တမတန်းအောင်မြင်ပြီးနောက် ဖလမ်းဗြိတိသျှအစိုးရကျောင်းတွင်ပင် ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရှိရသည်။ ထိုပြောကြားချက် မှန်ကန်ကြောင်းကိုလည်း ၁၉၈၃ခုနှစ်တွင် ထုတ်ဝေခဲ့သော ဖလမ်းအဆင့်မြင့်တန်းကျောင်း ၇၅ နှစ်ပြည့်မဂ္ဂဇင်း၊ စာမျက်နှာ ၅၁ တွင် ချင်းလူမျိုးများထဲမှ ပထမဦးဆုံး Honours ဖြင့် BA ဘွဲ့ရရှိသူ U Tuang Hmung ရေးသားသော “Some recollection of my school and college days”  ဆောင်းပါးထဲတွင် ကျွန်ုပ် ဖလမ်းတွင် ပထမဆုံးကျောင်းတက်ခဲ့သော ခုနှစ်(၁၉၂၄၂၅ ပညာသင်နှစ်)တွင် ကျွန်ုပ်တို့၏ ကျောင်းဆရာမမှာ Daw Khuang Sung ဖြစ်ပြီး၊ Daw Khuang Sung သည် တာရွှန်းတိုက်သူကြီး Pu Van Hmung (ဗိုလ်ဆွန်ပက်၏သား) သမီး၊ U Siah Luai ( B.A, B.Ed, B.E.S) တို့၏ အစ်မဖြစ်သည်။ Daw Khaung Sung သည် မြောက်ပိုင်းချင်းပြည်နယ်ထဲရှိ အမျိုးသမီးများထဲမှ ပထမဆုံးသော ကျောင်းဆရာမဖြစ်သည်။ သို့သော် အသက်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်ခဲ့ရှာသည် ဟု ရေးသားခဲ့သည်။ တာရွှန်းမှ လူကြီး Pu Thang Dun က Daw Khuang Sung သည် ခေါင်းကိုက်တတ်သောရောဂါဖြင့် ငယ်ရွယ်စဉ် အပျိုဘ၀မှာပင် သေဆုံးခဲ့ရှာသည် ဟု ကျွန်ုပ်အားပြောပြခဲ့သည်

ထို့ပြင် Rev.D Kip Thian Pau ရေးသားသော “Trial and Triumphs of the Chin Pioneers” စာအုပ်ထဲတွင် Pu Shia Khaw သည် ၁၉၁၄ နှစ်စမှ၍ှ ဟားခါးမြို့နယ် Sakta ရွာတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်ဟုဖော်ပြထားသည်။ Pu Shia Khaw သည် ဟားခါးမြို့နယ်အတွင်း ပထမဆုံး ယုံကြည်သူဖြစ်ပြီး၊ ၁၉၀၂ မှဟားခါး နှစ်ခြင်းခရစ်ယာန်သာသနာပြုကျောင်းတွင် ပညာစတင်သင်ကြားခဲ့သည်။ ၁၉၀၆တွင် စတုတ္ထတန်း၊ ၁၉၀၇တွင် ပဉ္စမတန်း အသီးသီး အောင်မြင်ခဲ့ပြီးနောက်၊ နှစ်ခြင်းခရစ်ယာန်သာသနာပြုတော်အမှုတော်ဆောင် Dr.East က Pu Shia Khaw အား ရန်ကုန်ကျမ်းစာကျောင်း ယခု (M.I.C.T) တွင် ပညာဆက်လက်သင်ကြားရန် စေလွှတ်ခဲ့သည်။ နှစ်နှစ်ခန့် ကျောင်းတက်ပြီးနောက် ချင်းပြည်ရှိ မွေးချင်းညီ ဆုံးသွားသောကြောင့် မိသားစုအား ကူညီရန် ဟားခါးသို့ ပြန်သွားခဲ့သည်။ ထို့နောက် ၁၉၁၄- ၁၉၁၉ တွင် Sakta ရွာ ၊ ၁၉၁၉- ၁၉၂၀ တွင် Zokhua ရွာ ၊ ၁၉၂၀ – ၁၉၂၃ တွင် Thantlang နှင့် ၁၉၂၅- ၁၉၅၁ တွင် ဟားခါး Vernarcular (တိုင်းရင်းသား (သို့) ဒေသဘာသာစကားဖြင့် သင်ကြားသော) ကျောင်းတို့တွင် ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၁၄ ခုနှစ် ကတည်းက ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

Rellian by Van Cung Lian

ထို့ပြင်၊ Dr. Vum Ko Hau ရေးသားသော “ A Profile of Burma Frontier Man” နှင့် Sizang Website တစ်ခု၏ “Pu Za Khup Thuklai Taangthu (Tunngo Bawng)” ဟူသောဆောင်းပါးတစ်ပုဒ်တွင် Saya Za Khup (Dr. Vum Ko Hau ၏ ဖခင်) သည် ၁၉၁၄ ခုနှစ်တွင် Khuasak ရွာရှိ အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြု ကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရေးသားခဲ့သည်။ Pu Za Khup သည် ၁၈၈၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကလေးမြို့ အနီးရှိ တောင်ဦးဘုန်းကြီးကျောင်းတွင် ပညာသင်ယူခဲ့သည်။  ၁၉၀၄ ခုနှစ်မှစ၍ Khuasak ရွှာ၌ နှစ်ခြင်းခရစ်ယာန်သာသနာပြုကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်းတွင် ပညာဆက်လက်သင်ယူခဲ့သည်။ ထိုကျောင်းမှ ၁၉၀၇တွင် စတုတ္ထတန်း အောင်မြင်ခဲ့ပြီးနောက် ၁၉၀၅ ခုနှစ်တွင် ထိုကျောင်း၌  ဂျူနီယာဆရာ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထိုကျောင်းတွင် ဂျူနီယာဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း၊ စာသင်ကြားခဲ့ရာ ဆဌမတန်းအထိ သင်ယူပြီးမြောက်နိုင်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် Khuasak ကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။  ကရင် နှစ်ခြင်းသာသနာပြု ဆရာရွှေဇံ၏ သတင်းကောင်းဟောကြားခဲ့ရာမှ ၁၉၁၄ ဖေဖော်ဝါရီ ၀၂ ရက်နေ့တွင် နှစ်ခြင်းခံယူခဲ့သည်။ Khuasak နှစ်ခြင်းခရစ်ယာန်သာသနာပြု ကျောင်းတွင် ကျောင်းဆရာလုပ်ရင်း အမှုတော်လည်းဆောင်ရွက်ခဲ့သည်။

ဆရာ Rel Lian ကိုမူ အ.ထ.က (၁) ဖလမ်း နှစ် ၁၀၀ ပြည့်မဂ္ဂဇင်း၏ စာမျက်နှာ ၂၉၆တွင်  ချင်းပြည်နယ်၏ပထမှဆုံးဆရာအတတ်သင် အစိုးရနော်မန်ကျောင်းဆင်း U Rel Lian သည် ဟားခါး သာသနာပြုကျောင်းတွင် ၁၉၁၉ ခုနှစ်မှစတင်တာဝန်ထမ်းဆောင်သည် ဟု ရေးသားထားသည်။ ဆရာ Rel Lian သည်ဖလမ်းမြို့နယ် လိုင်ဇိုနယ်မှဖြစ်ပြီး၊ အသက် ၄နှစ်အရွယ်တွင် သူ၏မိသားစုအားလုံး ရောဂါဆိုး ဖြင့်ဆုံးရှုံးခဲရပြီး၊ ကြည့်ရှုစောင့်ရှောက်မည့်သူ မရှိသည့် မိဘမဲ့ကလေးဘ၀ အဖြစ်မှ ဗြိတိသျှစစ်ဗိုလ်၊ အိန္ဒိယ စစ်ဗိုလ်နှင့် ချင်းပြည်နယ်၏ ပထမဆုံးနှစ်ခြင်းခရစ်ယာန်သာသနာပြု Laura Carson တို့မှ ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်။ ချင်းလူမျိုးထဲတွင် ရှေးဦးပညာတတ်တစ်ဦးဖြစ်သည်သာမျှမက အသက် ၁၈ နှစ်အရွယ်ခန့်မှစ၍ ဟားခါးနှစ်ခြင်းခရစ်ယာန်သာသနာပြုကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Rellian le a nupi by Van Cung Lian (UK)

မိဘမဲ့ကလေးဘ၀မှ အဆင့်မြင့် ပညာတတ်၊ အသက်ငယ်ဆုံးသော ကျောင်းဆရာဘ၀ဆီသို့

၁၉၀၆ ၀န်းကျင်၊ ဖလမ်းနှင့် မနီးမဝေးရှိ ရွာတစ်ရွာ (လိုင်ဇိုးနယ်) တွင် ကပ်ဆိုးကျရောက်ပြီး လူအများအပြားသေဆုံးခဲ့ရသည်။ ဖလမ်းရှိ ဗြိတိသျှအစိုးရဌာနချုပ်မှ အရာရှိတစ်ဦး သည်ထိုရွာ၏ အခြေအနေကို သွားရောက်စစ်ဆေးခဲ့သည်။ ထိုရွာတွင် မိသားစု အမြောက်အမြား သေဆုံးခဲ့ရပြီး မိသားစု တစ်စုတွင်မူ လေးနှစ်အရွယ် ကလေးငယ်တစ်ဦးသာကျန်ရစ်ခဲ့သည်။ ထိုကလေးသည် ကျွေးမွေးစောင့်ရှောက်မည့်သူမရှိကြောင်း ထိုဗြိတိသျှစစ်ဗိုလ်တစ်ဦးက သိရသောအခါ ကလေးအား ကျွေးမွေးစောင့်ရှောက်ရန် သဘောတူခဲ့ပြီး၊ ကလေးငယ်ကို ဖလမ်းဘော်ဒါဆောင်တွင် ကျောင်းထားခဲ့သည့်အပြင် ကလေးငယ်၏ စားဝတ်နေရေး အတွက် အစစအရာရာ တာဝန်ယူခဲ့သည်။ ထိုကလေးငယ် Rel Lian အားတွေ့ရှိသည့်အချိန်တွင် ဖလမ်း၌ကျောင်းစတင်ဖွင့်လှစ်ခါစ ဖြစ်သည်။ (ဖလမ်းကျောင်းကို ၁၉၀၆ခုနှစ် ဇွန်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်)။ ဤသို့ဖြင့် Rel Lian သည်ဘော်ဒါဆောင်တွင် လအနည်းငယ် ပညာသင်ကြားပြီးနောက် ဗြိတိသျှစစ်ဗိုလ်သည် အင်္ဂလန်သို့ ပြန်သွားရသဖြင့် Rel Lian မှာစောင့်ရှောက်သူမဲ့ ဖြစ်ခဲ့ရပြန်သည်။ Rel Lian သည်ဥာဏ်ကောင်းပြီး အမေးအမြန်းထူသောကြောင့် ဆရာ၏ ငြိုငြင်ခြင်းကို ခံရသည်။

တစ်နေ့တွင် အိန္ဒိယစစ်ဗိုလ် (Havildar) တစ်ဦးသည် အလုပ်ကိစ္စနှင့် ပတ်သက်ပြီး ဖလမ်းမှဟားခါးသို့ မြင်းစီးရင်း ခရီးနှင်ခဲ့သည်။ ဖလမ်းမှ အတော်အတန် ခရီး ရောက်ပြီး ချိန်၌  အိမ်ခြေနည်းသည့် နေရာအရောက်တွင် ကလေးငယ်တစ်ဦးသည် လမ်းပေါ်တွင် မှောက်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေသည်ကို မထင်မှတ်ဘဲ တွေ့ခဲ့ရပြီး ကလေးငယ်သည် မည်သူ၏သားဖြစ်သည်၊ မည်သည့်အကြောင်းကြောင့် ငိုကြွေးနေသည်ကို သိလို၍ သွားရောက်ချဉ်းကပ်ပြီး မေးမြန်းခဲ့သည်။

အိန္ဒိယစစ်ဗိုလ်  :  ကလေးတို့အိမ်က ဘယ်နားမှာလဲ

Rel Lian         :  ကျွန်တော့်မှာ အိမ်မရှိဘူး

အိန္ဒိယစစ်ဗိုလ်  :  ကလေးရဲ့ အဖေနဲ့ အမေကရော

ျRel Lian        :  ကျွန်တော့မှာ အဖေနဲ့ အမေလည်း မရှိတော့ပါဘူး

အိန္ဒိယစစ်ဗိုလ်  :  ဒါဆိုကလေးက ဘယ်နားမှာနေတာလဲ၊ ဘာဖြစ်လို့ ငိုနေတာလဲ

Rel Lian      :  သခင် (ဗြိတိသျှစစ်ဗိုလ်) ကကျွန်တော့်ကို ကျောင်းထားပေးခဲ့ပါတယ်၊ ကျောင်းဆရာက ကျွန်တော့ကို အရမ်းရိုက်လွန်းလို့ ကျွန်တော် ထွက်ပြေးလာတာပါ၊ ကျွန်တော့်ကျောပြင်ကို ကြည့်ပါ။ ကျွန်တော် ဘယ်တော့မှ ကျောင်းမသွားတော့ဘူး၊ လုံးဝ လုံးဝ မသွားတော့ဘူး” ဟု မျက်ရည်စက်လက်နှင့် ပြောခဲ့သည်။

အိန္ဒိယစစ်ဗိုလ် Rel Lian ၏ကျောပြင်ရှိ ဒဏ်ရာဒဏ်ချက်များကို တွေ့မြင်သောအခါ လွန်စွာ ဂရုဏာသက်မိပြီး မြင်းပေါ်သို့တင်၍ ဟားခါးသို့ခေါ်ဆောင်သွားကာသူ့အိမ်၌နေစေခဲ့ပြီး Rel Lian သည်း  ထို အိန္ဒိယစစ်ဗိုလ်၏ ကလေးအား ထိန်းကျောင်းပေးခဲ့သည်။ လအနည်းငယ်အကြာတွင် အိန္ဒိယစစ်ဗိုလ်သည် မြေပြန့်သို့ တာဝန်ပြောင်းရွှေ့ခြင်းခဲ့သည်။  ထိုအခါ အိန္ဒိယစစ်ဗိုလ်သည် ကြံရာမရဖြစ်ပြီး ထိုအချိန်က ဟားခါးရှိ အမေရိကန် နှစ်ခြင်းခရစ်ယာန်သာသနာပြု Laura Carson ထံသို့ Rel Lian ၏အကြောင်းစုံ ကို ပြောပြပြီးသူ့အားစောင့်ရှောက်ပေးရန် အကူအညီတောင်းခဲ့သည်။ Carson ဆရာမကလည်း Rel Lian ကိုသနားစိတ်ဝင်၍ လက်ခံခဲ့ပြီး သူ့ထံတွင် နေထိုင်စေခဲ့သည်။ အ၀တ်အစားသစ်များလည်း ပေးကမ်းခဲ့သည်ပြီး Rel Lian နေထိုင်ရန်အတွက် မီးဖိုချောင်ဘေးတွင် အခန်းလေးတစ်ခု ပြင်ဆင်ပေးခဲ့သည်။ ထို့ပြင် ဟားခါးရှိ Carson၏ နှစ်ခြင်းခရစ်ယာန်သာသနာပြု ကျောင်းတွင်လည်း ပညာသင်ကြားစေခဲ့သည်။ Rel Lian သည် ဥာဏ်ကောင်းပြီး စာတော်သောကြောင့် Carson ဆရာမ၏ ချစ်မြတ်နိုးခြင်းကိုလည်း ခံခဲ့ရသည်။ Carson ဆရာမသည် နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် သင်ရမည့် သင်ခန်းစာများ၊ တနင်္ဂနွေ ဥပုသ်စာဖြေကျောင်း (Sunday School) တွင် သင်ရမည့်သင်ခန်းစာများ၊ ကျမ်းစာအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ဓမ္မသီချင်းများ ဘာသာပြန်ဆိုခြင်း နှင့် အစီရင်ခံစာများ ရေးသားခြင်းတို့ဖြင့် အစဉ်အလုပ်များလေ့ရှိသည်။

တစ်နေ့တွင် Carson ဆရာမအလုပ်များနေစဉ်တွင် Rel Lian သည် စားပွဲဘေးတွင် ထိုင်ရင်း Carson ဆရာမအား စကားပြောနေခဲ့သည်။ Carson ဆရာမက Rel Lian အား စာရေးစရာတွေ အများကြီးရှိတယ်၊ အလုပ်လုပ်နေတဲ့အချိန်မှာ ငြိမ်ငြိမ်လေး နေဖို့လိုတယ်၊ ဆရာမကို မနှောင့်ယှက်ပါနဲ့ ဟု ပြောလေသည်။ Rel Lian သည် Carson ဆရာမအား (Bawinu) ဟုခေါ်ဆိုလျက်ရှိပြီး ၊ မျက်နှာပျက်လျက် ဆရာမ တစ်ယောက်တည်း ပျင်းနေမှာ စိုးလို့ စကားလာပြောတာပါ ဟု ပြန်ဖြေခဲ့သည်။ ဧည့်သည် မရှိသော အချိန်နှင့် အလုပ်ပါးသော အချိန်များတွင် ဆရာမက ပုံပြင်များ ပြောပြလေ့ရှိပြီး ဆရာမ အလုပ်လုပ်နေချိန်တွင် Rel Lian သည် ဆရာမအနားတွင် ထိုင်လေ့ရှိသည်။ ဆရာမ အလုပ်ပြီးလျှင် ပြီးချင်း ဒီညရော Bawinu နှင့် စကားပြောလို့ ရမလား ဟု မေးလေ့ရှိသည်။ ဆရာမက ရတယ် ဟုပြောလျှင် ၀မ်းသာအားရနှင့် စိတ်အားထက်သန်စွာ ဂျိုးဇက်၊ မောရှေတို့ အကြောင်း၊ လာဇရုနှင့် သူဌေးသား အကြောင်း၊ အပျိုစင် ဆယ်ဦး အကြောင်းကို ပြောခိုင်းလေ့ရှိသည်။ ဤသို့ဖြင့် သူကြားသိရသည့် ပုံပြင်များကို တစ်ခြားကလေးများကို ပြန်လည်ပြောပြလေ့ ရှိ သည်။ Carson ဆရာမ၏ သာသနာပြုကျောင်းတွင် နှစ်စဉ်ကျင်းပလေ့ ရှိသည့် ကျမ်းစာပြိုင်ပွဲတွင် သုံးနှစ်ဆက်တိုက် ပထမဆု ရရှိခဲ့သည်။ Rel Lian သည်ဘောလုံးကန်ဝါသနာပါသူဖြစ်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်းရှိ ခရစ်ယာန်သာသနာပြုကျောင်းများ ဘောလုံးပြိုင်ပွဲတွင်လည်းအမြဲဝင်ပါလေ့ရှိသည်။

The Chin Hills Baptist Association ရဲ့ စတုတ္ထကြိမ်မြောက် နှစ်ပတ်လည်ညီလာခံအား ၁၉၁၀ ခုနှစ် မတ်လ ၁၈ မှ ၂၀ အထိ စီးယင်းနယ် Khuasak တွင်ကျင်းပရာ Dr.East သည် Rel Lian နှင့်အတူ ကျောင်းသား ၁၃ ယောက်အား ထိုညီလာခံသို့ ခေါ်ဆောင်သွားခဲ့သည်။ Rel Lian တို့အုပ်စုသည် ဟားခါး၊ Pioneer Camp၊ မန်းခဲန်း၊ ဖလမ်း၊ မဏိပူရကြိုးတံတား (Suangpi တံတား)၊ လုံဘမ်း၊ ဘွာလ်ခွား၊ မွာလ်ဘဲမ်း မှ Khuasak သို့ ၁၅ ရက်ကြားခရီးနှင့်ခဲ့ကြရသည်။ ထိုမှတစ်ဆင့်တီးတိန်သို့ခရီးနှင့်ခဲ့ကြပြီး တီးတိန်ရဲတပ်ဖွဲ့ဘောလုံးအသင်း နှင့် တီးတိန်ရှိ ဂေါရ်ခါးစစ်တပ်အသင်းတို့နှင့် ဘောလုံးကစားခဲ့ကြသည်။ ရဲတပ်ဖွဲ့အသင်းကိုမူ ဟားခါးအသင်းမှ အနိုင်ရကစားခဲ့ပြီး၊ ဂေါရ်ခါးအသင်းနှင့် သရေကစားနိုင်ခဲ့ကြသည်။ Dr.East မှသူတို့အုပ်စုအား ညီလာခံသို့ခေါ်ခဲ့ရသည့် အဓိကကြောင်းရင်းမှာ ဟားခါးမျိုးနွယ်စုတို့၏  စီးယင်းမျိုးနွယ်စု အပေါ်အယူသည်းမှုများ ပပျောက်စေရန်ဖြစ်သည်။ ထိုအချိန်တွင် စီးယင်းမျိုးနွယ်စုတို့သည် ဆိုးသောမျက်လုံး (Evil eye) ပိုင်ဆိုင်ထားသူများဖြစ်ကြောင်း၊ ထိုမျက်လုံးအား ကြည့်မိပါက ရောဂါဆိုးများဖြင့် သေနိုင်ကြောင်း စသည့်အယူသည်းမှုများရှိခဲ့သည်။ ထိုအယုံအကြည်၊ အယူသည့်မှုများ ပပျောက်စေလို့သည့် ဆန္ဒဖြင့် Dr.East မှ သူတို့အုပ်စုအား ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Rel Lian နှင့်အတူညီလာခံသို့သွားရောက်တက်ရောက်ခဲ့သည့် ဘောလုံးအသင်းသားတို့မှာ Samuel Newland (Maj. A.G.E Newland နှင့် Sina တို့၏သား), Gyi Gaing (Asho Chin), Sia Khaw (Hakha), Tum Tlik (Hakha), Sia Thuan (Hakha), Lian Bia (Lumbang), Vom Hrang (Hualngo), Sun Wom, Sia Khawm (Hakha), Dum Luai (Hniar Lawn) နှင့် Mang Duai တို့ဖြစ်ကြသည်။

Rel Lian သည်ဟားခါးနှစ်ခြင်းခရစ်ယာန်သာသနာပြုကျောင်းတွင် အမြင့်ဆုံးအတန်းဖြစ်သည့် Grade 6 အောင်မြင်ပြီးနောက် Carson ဆရာမက ဖလမ်းရှိကရင်သာသနာပြုများထံတွင် အပ်နှံခဲ့ပြီး ဖလမ်းတွင် Grade 7 သင်ကြားစေခဲ့သည်။ ၁၉၀၆ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ဖလမ်းတွင်မူလတန်းကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၁၃ ခုနှစ်မှစ၍ Grade 7 အထိ တိုးမြှင့်ခြင်းခ့ရပြီး မြန်မာဘာသာဖြင့် သင်ကြားခဲ့သည်။ ထိုခေတ် သာသနာပြုကျောင်းများတွင် Grade 6 အထိသာ ပညာသင်ကြားနိုင်ခဲ့ကြပြီး၊ ပညာဆက်လက်သင်ကြားလိုပါက ဖလမ်း၊ ထိုမှတဆင့်မြေပြန့်သိုသွားရောက်ဆည်းပူးလေ့လာခဲ့ကြသည်။

ဖလမ်းကျောင်းတွင် Grade 7 အောင်မြင်ပြီးနောက် Carson ဆရာမက မန္တလေးမြို့ ရှိ နှစ်ခြင်းသာသနာပြု ကျောင်းဘော်ဒါဆောင်တွင်နေစေပြီး အစိုးရပုံမှန်ကျောင်းတွင်ဆက်လက် တက်ရောက်စေခဲ့သည်။ ထိုကျောင်းတွင် ပညာသင်ကြားပြီးနောက် အသက်(၁၈) နှစ် မပြည့်မီတွင် အောင်လက်မှတ် ရရှိနိုင်ခဲ့သည်။ အောင်လက်မှတ်ရရှိ ပြီးနောက် လော့အိန်ဂျလိစ်ရှိ Carson ဆရာမ မိတ်ဆွေဖြစ်သူတစ်ဦး၏ ငွေကြေးထောက်ပံ့ မှုဖြင့် ရန်ကုန်ရှိ ကျမ်းစာကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ချင်းလူမျိုးများထဲမှ ရန်ကုန် ကျမ်းစာကျောင်းတွင် ပထမဆုံးဘွဲ့ ရရှိသူ Rev. Nawl Tling နှင့် အတူ ကျမ်းစာသင်ယူရန် အတူတူ သွားခဲ့ကြသည်။ သို့ရာတွင် ကျန်းမာရေး အခြေအနေကြောင့် ကျောင်းဆက်မတက်နိုင်၍ ၁၉၁၈ ခုနှစ်တွင် ချင်းပြည်နယ်သို့ ပြန်သွားခဲ့ရသည်။

Rel Lian ချင်းပြည်နယ်မပြန်ခင်တွင် Carson သာသနာပြုဆရာမနှင့် ဗြိတိသျှပညာရေးအရာရှိ တို့ တွေ့ဆုံပြီး ခရစ်ယာန်သာသနာပြုကျောင်းနှင့် ဗြိတိသျှအစိုးရကျောင်းများ ပူးပေါင်းရန် ဆွေးနွေးသဘောတူခဲ့ကြသည်။ ထိုကျောင်းတွင် Carson ဆရာမက မိမိနှစ်သက်ရာ ကျောင်းဆရာကို ခန့်ထားခွင့်ရှိပြီး ထိုဆရာသည် ကျောင်းဆရာ အရည်အချင်းနှင့် ပြည့်စုံပါက ဗြိတိသျှပညာရေးအရာရှိက လက်ခံပေးရမည်အကြောင်းနှင့် ကျောင်းဆောင်ချဲ့ရန်များလည်းဆွေးနွေးခဲ့ကြသည်။ ဤသို့ဖြင့် Carson ဆရာမက Rel Lian ကို ဟားခါးကျောင်းတွင် ကျောင်းဆရာအဖြစ်ခန့်ထားရန် ဗြိတိသျှပညာရေးအရာရှိထံတွင် တောင်းဆိုပြီး ၁၉၁၉၊၂၀ စာသင်နှစ်တွင် စတင်တာဝန်ထမ်းဆောင်ရန် သဘောတူခဲ့ကြသည်။ ထိုသို့ဖြင့် ဆရာ Rel Lian သည် ၁၉၁၉ခုနှစ် အသက် ၁၈ နှစ်ခန့် အရွယ်တွင် ကျောင်းဆရာတာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘစစ်ဖြစ်ပွားလာသောအခါ Saya Rel Lian သည် ဗြိတိသျှတပ်မတော်တွင် အမှုထမ်းသည်ကို တွေ့ရှိနိုင်သည်။ Maj. A.G.E Newland ၏သား Samuel Newland သည် ဗြိတိသျှစစ်တပ်ထဲတွင် ထောက်လှမ်းရေးအဖြစ် အမှုထမ်းခဲ့ပြီး ချင်းတောင်၊ ဂန်ဂေါဒေသို့တွင် လှုပ်ရှားခဲ့သည်။ Samuel Newland ၏ကိုယ်တွေ့မှတ်တမ်းတွင် Rel Lian သည်သူ၏ ရဲဘော်ရဘက်ဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရှိနိုင်သည်။

နိဂုံးချုပ်

ယခုအခါ ကျွနုပ်တို့ ချင်းပြည်နယ်တွင် အစိုးရကျောင်းနှင့် ဘာသာရေးကျောင်းများ ရှိနေပြီ ဖြစ်သည်။ ပညာတတ်ဆရာများလည်း တစ်ခေတ်ပြီး တစ်ခေတ် ချင်းလူမျိုးထဲတွင် များပြားလာခဲ့သည်။ ဤသို့ ဖြစ်လာရသည့် အဓိက အကြောင်းရင်းမှာ ဗြိတိသျှ အင်ပါယာ နှင့် အမေရိကန် နှစ်ခြင်း သာသနာပြုအဖွဲ့တို့၏ ကြိုးစားမှု နှင့် အနစ်နာခံခြင်းတို့ကြောင့်ပင်ဖြစ်သည်။ ၄င်းတို့ စတင်တီထွင်ပေးခဲ့သောစာပေနှင့် ကျောင်းများကြောင့် ချင်းပြည်နယ်တွင် ပညာရေး ပြန့်ပွားလာပြီး  ချင်းလူမျိုးများထဲမှ ပညာတတ် နှင့် ကျောင်းဆရာများ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

Saya Sia Khaw, Saya Zakhup, Saya Rel Lian နှင့် Sayama Khuang Sung တို့သည် ချင်းပြည်နယ်တွင် ပထမဆုံးသော ပညာတတ်များ ဖြစ်ကြသည်။ ၄င်းတို့က ပညာတတ်မြောက်ရခြင်း၏ ကောင်းကျိုးကို ချင်းပြည်နယ်တွင် ထင်ရှားစေခဲ့သည်။ ယခင် ကျွန်ုပ်တို့၏ ဘိုးဘွားခေတ်တွင်မူ တောင်ယာစိုက်ခြင်းဖြင့် အသက်မွေးခြင်းသည်သာ ကျွန်ုပ်တို့ချင်းလူမျိုးများ၏ အကြီးမားဆုံး အိပ်မက်ဖြစ်ခဲ့သည်။ ထိုအရာမှ လွဲပြီး ကျွန်ုပ်တို့တွင် အခြားသော ရည်မှန်းချက် အိပ်မက်များ မရှိခဲ့ကြပေ။ ရှိနိုင်ရန်လည်း အခြေအနေကမပေးခဲ့ပေ။ ပညာတတ်မြောက်သူများနှင့် ပညာသင်ယူနေသောသူများက ပညာတတ်ရခြင်း၏ ကောင်းကျိုးကို ကောင်းစွာ သိနားလည်ကြသောကြောင့် အမိချင်းပြည်နယ်ကြီးအတွက် ကြီးမားသော ရည်မှန်းချက်အိပ်မက်သစ်အား စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုအိပ်မက်မှာ ချင်းပြည်နယ်ကို လယ်ထွန်ပြီး အသက်မွေးဝမ်းကျောင်းပြုသည့် ဘ၀မှ ပညာရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် ဘ၀သို့ ရောက်ရှိရန် ဖြစ်သည်။ ထို အိပ်မက်ကို အကောင်အထည် ဖော်ရန် ၄င်းတို့ ကိုယ်တိုင် ချင်းလူမျိုးများကို စာသင်ကြားပေးခဲ့ကြသည်။ သူတို့ ကိုယ်တိုင် ပညာရေးကို သင်ကြားနိုင်သည် သာမက စံပြ ကျောင်းဆရာများပါ ဖြစ်ခဲ့ကြသည်။ ချင်းလူမျိုးများသည် ပညာသင်ယူရုံမက သင်ကြားပေးခြင်းကိုပါ လုပ်ဆောင်နိုင်ကြောင်း မျက်စိဖွင့်ပေးခဲ့ ခြင်းဖြစ်သည်။ ယခု အချိန်တွင် ချင်းပြည်နယ်တွင် သာမက ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သည့်  ကျောင်းဆရာများ ရှိနေပြီ ဖြစ်သည်။ ဤအခြေအနေသို့ ရောက်ရှိလာရခြင်းမှာ သူတို့၏ လမ်းဖောက်ပေးမှုကြောင့် အဓိက ဖြစ်ပြီး သူတို့ ချန်ထားခဲ့သည့် အမွေအနှစ်ကြီး တစ်ခုလည်း ဖြစ်ပေသည်။

Saya Rel Lian သည်ပင်လျှင် ကျွေးမွေးမည့်သူမရှိ မိဘမဲ့ကလေးဘ၀မှ ချင်းပြည်နယ်တွင် ပထမဆုံးသော ပညာတတ်၊ လက်ဦးဆရာ ဖြစ်လာခဲ့ခြင်းမှာ ကျွန်ုပ်တို့အတွက် အတုယူရန် ခွန်အားယူရန် ဖြစ်ပေသည်။ ထိုမျှမက အသက် ၁၈ နှစ်ပင် မပြည့်ခင်တွင်ပင် မန္တလေးရှိ Government Normal School တွင် တက်ရောက်သင်ကြားနိုင်ခဲ့သည်။ Saya Rel Lian ၏ဘ၀ဖြစ်အင် ကို လေ့လာခြင်းဖြင့် ကျွန်ုပ်တို့ ချင်းလူမျိုးများသည် နုံအသူများ မဟုတ်၊ ကောင်းစွာ သင်ကြားပေးလျှင် ကောင်းစွာ တတ်မြောက်နိုင်သူများဖြစ်ကြောင့် ထင်ရှားစွာ သိမြင်နိုင်ပေသည်။

ကိုးကား

၁) L.H.Carson (Siangbawinu) ကိုယ်တိုင် ချင်းတောင်တွင် နေထိုင်ခဲ့သည့်အဖြစ်အပျက်များ ရေးသားသော စာအုပ် : Pioneer Trials, Trials and Triumphs စာအုပ် (Pg. 244 – 247) မှ ကိုးကားခြင်းဖြစ်သည်။

၂) The Lost Dictionary: A history of the Chin people: by Wim Vervest

ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် အချက်အလက်များစုစောင်းခြင်း၊ ပေးပို့ခြင်း နှင့်ဆောင်းပါးစိစစ်ခြင်းများဖြင့် ကျွန်နုပ်အားကူညီပေးခဲ့သော Salai Cung Luai နှင့် Salai Van Biak Thang, ဘာသာပြန်ခြင်းဖြင့်အကူညီပေးခဲ့သော Sunshine Mawi, Dr. Siang Em Mawi နှင့် Dr.Cungte တို့အားအထူးကျေးဇူးတင်ရှိပါသည်။

 

 

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: