(၇၀) နှစ်မြောက် ချင်းအမျိုးသားနေ့တွင်
ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌ Pu Zing Cung ပြောကြားသော အမှာစကား
လေးစားအပ်ပါသော သဘာပတိကြီးနှင့်တကွတက်ရောက်လာကြတဲ့ ချင်းအမျိုးသားများ၊ ဖိတ်ကြားထားသော  ဧည့်သည်တော်များခင်ဗျား၊
ယခုလို (၇၀) နှစ်မြောက် ချင်းအမျိုးသားနေ့ ရက်မြတ်မင်္ဂလာအခါသမယမှာ အမှာ စကားပြောကြားခွင့်ရတဲ့ အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ချင်းအမျိုး သားများအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်တဲ့ ချင်း အမျိုးသားနေ့ကို  ကမ္ဘာတစ်ဝန်း ရှိ ချင်းအမျိုးသားများအနေနဲ့ နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာ ဆင်နွဲနိုင်ကြပါစေ ကြောင်းဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
Pu Zing Cung
ယနေ့တွင် ကျရောက်တဲ့ ချင်းအမျိုးသားနေ့ဟာ ချင်းလူမျိုးတို့ရဲ့ သီးခြားဂုဏ်အင်လက္ခဏာရှိခြင်း၊ မိမိတို့ရဲ့ ပိုင်နက်နယ်မြေအတွင်း သမိုင်းစဉ်လာအရ    လူမျိုး (Nation) တစ်ရပ်အဖြစ်တည်ရှိခြင်းတို့ကို    အခိုင်အမာ ဖော်ညွန်းတဲ့ရက်မြတ် ဖြစ်ပါ တယ်။ ထို့အပြင် ချင်းအမျိုးသားတို့ ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့တဲ့ အုပ်ချုပ် ရေးစနစ်ဟောင်းမှ လူထုဆန္ဒကိုအခြေခံတဲ့ ဒီမိုကရေစီစနစ်နဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးကို အုတ်မြစ်ချ နိုင်ခဲ့တဲ့ နေ့ထူးနေ့မြတ် အချိန်အခါသမယလည်း ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်မှာ  သီးခြားပြည်ထောင်များအဖြစ် ရပ်တည်လာခဲ့ကြတဲ့ ဗမာပြည်မ၊ ပြည်ထောင်စုရှမ်းပြည်၊  ကချင် တောင်တန်းဒေသ နှင့် ချင်းတောင်တန်းဒေသ တို့မှ ခေါင်းဆောင်ကြီးများဟာ    အောင်ဆန်း-အက်တလီစာချုပ် အရ ပြည်ထောင်စုရှမ်းပြည်၊   ပင်လုံမြို့မှာ တွေ့ဆုံခဲ့ကြပြီး    တစ်ပြိုင်နက်တည်း လွတ်လပ်ရေးရယူရေး နဲ့ လွတ်လပ်ရေးရရှိပြီးပါက အမျိုးသားများ တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကို အခြေခံတဲ့   ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး   သဘောတူညီချက်ဖြင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အတူတကွ တည် ထောင်ခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉၊ ၂၀ ရက်နေ့များတွင် ပြုလုပ်တဲ့ ချင်းအမျိုးသား ညီလာခံကြီးမှ တိုက်သူကြီး အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် ဆုံးဖြတ်ခဲ့ကြပြီး ၁၉၅၀ ခုနှစ်၊ အောက်တို ဘာလ (၉) ရက်နေ့တွင် ချင်းရေးရာကောင်စီမှ သမိုင်းကြောင်းအရ အစွဲပြု၍ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို   ချင်းအမျိုးသားနေ့အဖြစ်  သတ်မှတ်ခဲ့ကြပါတယ်။ ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ  ပထမဦးဆုံး ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့ကို ဝန်ကြီးချုပ် ဦးနု တက် ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။ ဒါဟာ  ချင်းအမျိုးသားများရဲ့ သီးခြားဂုဏ်အင်လက္ခဏာရှိမှု၊ အမျိုး သားတစ်ရပ်ဖြစ်မှုနဲ့ လွတ်လပ်သောပြည်ထောင်များဖြင့်     ပြည်ထောင်စုမြန်မာနိုင်ငံ တည်ထောင်ခဲ့ကြခြင်းကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ ရယူခဲ့သည့်အချိန်မှစ၍   ချင်းအမျိုးသားနေ့အား တရားဝင် ကျင်းပခွင့် ပိတ်ပင်ခဲ့ပါတယ်။ ချင်းအမျိုးသားတပ်ဦး နဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ တို့ရဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၉ )ရက်နေ့မှာ လက်မှတ်ရေးခဲ့ကြတဲ့  ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် သဘောတူညီချက် (၂) အရ ချင်းအမျိုးသားနေ့ကို တရားဝင်ကျင်းပခွင့် ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒါ ပေမဲ့ သဘောတူညီထားပြီးဖြစ်တဲ့    “ချင်းပြည်နယ်တွင် ချင်းအမျိုးသားနေ့အား ရုံးပိတ်ရက်အဖြစ်သတ်မှတ် ရန်” ဟူသည့်အချက်ကိုမူ ယနေ့အထိ  အကောင်အထည်ဖော်ဆောင်ခြင်း မရှိသေးပါဘူး။ ဒါကို အမြန်ဆုံး အ ကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကို    ထပ်လောင်း အသိပေးတိုက် တွန်း လိုပါတယ်။
သဘာပတိကြီးနဲ့ တက်ရောက်လာကြတဲ့ ချင်းအမျိုးသားများ၊  ဧည့်သည်တော်များ ခင်ဗျား၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ  စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက် ရှိနေဆဲ ဖြစ်ပါတယ်။ တနည်းပြောမယ်ဆိုရင် ဒီမိုကရေစီစနစ် နဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလို့ မရသေးပါဘူး။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထား ခြင်းမရှိပါဘူး။ ဒါကြောင့် အမျိုးသားများရဲ့   တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်ဖို့၊ ပြည်တွင်းငြိမ်း ချမ်းရေးကို အာမခံနိုင်ဖို့၊   ဒီမိုကရေစီရေးနဲ့ အခြေခံလူ့ အခွင့်အရေးများကို အာမခံနိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင် စုကြီးကို အာမခံနိုင်ဖို့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)  လမ်း
ကြောင်းအတိုင်း ဘက်ပေါင်းစုံပြည့်စုံတဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာရေးအတွက် “ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ” မှတဆင့်    ငြိမ်းချမ်းစွာအဖြေရှာနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးများ အာမခံချက်ရှိတဲ့  ဖက်ဒရယ်ပြည် ထောင်စုကြီးတည်ဆောက်ရေးအတွက် မိမိတို့ ချင်း အမျိုးသားတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါတယ်။ “ ပင်လုံ စာချုပ်”  အရ ပြည်ထောင် စုကို စတင် တည်ထောင်ခဲ့တဲ့ လူမျိုးဖြစ်တဲ့အတွက်ကြောင့်လည်းပဲ ဒီတာဝန်တွေ ထမ်းဆောင်ဖို့ တာဝန်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုထမ်းဆောင်တဲ့နေရာမှာ   ချင်းတစ်မျိုးသားလုံး စည်းစည်းလုံး လုံးနဲ့  နားလည်မှုအပြည့်အဝရှိတဲ့  ပူးပေါင်းဆောင်ရွက်မှု မျိုး ရှိရမှာ ဖြစ်ပါတယ်။   နိုင်ငံရေးပါတီများအနေနဲ့ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားပြီးတော့မှ  ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။   ချင်းလူမှုအဖွဲ့အစည်းများအနေနဲ့ မိမိတို့ အခန်းကဏ္ဍအလျောက် တက်တက်ကြွကြွ   ပါဝင် ဖို့ လိုအပ်ပါတယ်။ ဘာသာရေးအသင်းအဖွဲ့များအနေနဲ့  ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အင်တိုက်အား တိုက် ပါဝင်ဖို့ လိုအပ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ  နှစ်ပေါင်း (၇၀) နီးပါး  လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံ ဖြစ်ပါ တယ်။  ဤ လက်နက်ကိုင်ပဋိပက္ခဟာ    နိုင်ငံရေးပြသာနာဖြစ်တဲ့အတွက် စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေး နည်းနဲ့ဖြေရှင်းဖို့ လိုအပ်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)   လက် မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၀) ဖွဲ့ဟာ လက်နက်ကိုင် ပဋိ ပက္ခများ အဆုံးသတ်နိုင်ရေးအတွက် NCA အတိုင်း ဆွေးနွေးညှိ နှိုင်းခြင်းဖြင့် အဖြေရှာရန် သံန္နိဌာန် ချထားပြီး ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးညှိနှိုင်း တဲ့နေရာမှာ ဝိဝါဒကွဲပြားမှုတွေ၊ အမြင်မတူညီမှုတွေ၊ သဘောထားမတိုက် ဆိုင်မှု တွေ ရှိနေမှာ ဖြစ်ပါတယ်။ ဒါတွေကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် အကျေအ လည် ညှိနှိုင်းအဖြေရှာကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ NCA လက် မှတ် မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များကိုလည်း စစ်ရေးအရ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ဘဲ အပြန်အ လှန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ NCA ကို ပါဝင်လက်မှတ်ရေးထိုးလာရေး ကြိုးပမ်းသွား ကြရမှာ ဖြစ်ပါ တယ်။
သဘာပတိကြီးနဲ့တကွ ချင်းအမျိုးသားများ၊ ဧည့်သည်တော်များခင်ဗျား၊
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့    အနာဂတ်ပြည်ထောင်စု ပြန်လည်တည် ဆောက်ရာမှာ ချင်းအမျိုး သားတစ်ရပ်လုံးအနေနဲ့ သွေးစည်းညီညွတ်ရေးကို အခိုင် အမာတည်ဆောက်ဖို့ လိုအပ်မှာဖြစ်တယ်။    တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်မှာ သဘောတူထားပြီးဖြစ်တဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်၊  တန်း တူရေး နှင့် ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အဝ အာမခံချက်ရှိတဲ့   ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် အဖြစ်သတ်မှတ်ပြီး  မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားကြိုးမာန်တက် ပါဝင်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့
        About The Author
                        
                                                                
                                    
            
            
                
                
                
                
                    The Chinland Post
Web & Online Editor cu Salai Za Bawi Thawng a si. Online Editor pehtleihnak Email: thechinlandpost@gmail.com, pabawijuly19@gmail.com